News

POST TYPE

POPULAR POST

အိုးမဲ သုတ်ခံလိုက်ရသည့် ဒီမိုကရေစီချန်ပီယံ
01-Jun-2020
ဂျော့ဖလွိုက်ဟု အမည်ရသည့် အာဖရိကန်အမေရိကန် လူမည်းတစ်ဦး အမေရိကန်ပြည်ထောင်စု၊ မင်နီယာပိုလစ်မြို့တွင် လူဖြူရဲတပ်ဖွဲ့ဝင်တစ်ဦးကြောင့် အသက်သေဆုံးသွားသည့်ဖြစ်ရပ်မှာ အမေရိကန်ပြည်ထောင်စုသာမက အခြားကမ္ဘာ့နိုင်ငံများအတွကပါ အလွန်တုန်လှုပ်စရာကောင်းသော သတင်းကြီးတစ်ပုဒ် ဖြစ်နေပါသည်။ 

လူဖြူရဲတပ်ဖွဲ့ဝင်တစ်ဦးက လူမြင်ကွင်းတွင် ဂျော့ဖလွိုက်၏ လည်ပင်းကို ဒူးတစ်ဖက်ဖြင့်ဖိထားပုံများ၊ ဂျော့ဖလွိုက်က “ကျုပ် အသက်ရှူလို့မရတော့ဘူး” ဟု အော်ဟစ်တောင်းပန်နေသံများ ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့သွားပြီးနောက် အမေရိကတစ်လွှား ထိန်းမနိုင်သိမ်းမရဖြစ်ကုန်သည်။ 

ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားရေး စသည်တို့ကို တစ်ကမ္ဘာလုံးသို့ တင်ပို့ဖြန့်ချိနေသည့် နိုင်ငံကြီးတွင် ယခုလိုဖြစ်ရပ်မျိုးနှင့် ကြုံတွေ့လာရခြင်းအတွက် တစ်ကမ္ဘာလုံးက ပါးစပ်အဟောင်းသားဖြစ်ကြရသည်။ 

ကိုဗစ်ကူးစက်ပျံ့နှံ့မှုနှင့် ကိုဗစ်ကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးစာရင်းဝင်ထားချိန်၊ ကိုဗစ်ကြောင့် အလုပ်လက်မဲ့နှုန်းများ မြင့်တက်နေချိန်၊ ဗိုင်းရပ်စ်ကူးစက်မှုနှင့် ပတ်သက်၍ ထရမ့်အုပ်ချုပ်ရေးအဖွဲ့ကို မကျေမနပ်ဖြစ်နေချိန်၊ Lockdown များကိုဆန့်ကျင်နေချိန် စသည့်အချိန်ကာလတွင် ယခုလိုပြဿနာပေါ်လာရခြင်းမှာ အမေရိကန်ပြည်ထောင်စုအတွက် ဘူးလေးရာဖရုံဆင့်သကဲ့သို့ဖြစ်သွားပေသည်။ 

ဂျော့ဖလွိုက်၏ လည်ပင်းကိုဒူးဖြင့်ဖိထောက်ခဲ့သည့် ရဲအရာရှိကို ဖမ်းဆီးအရေးယူ၊ တရားစီရင်နေပြီဖြစ်သော်လည်း အမေရိကန်ပြည်သူတွေ၏ ဒေါသမီးမှာ တော်ရုံတန်ရုံ တုံ့ပြန်မှုမျိုးဖြင့် ငြှိမ်းသတ်ပေးရန်လွယ်ကူဖွယ်မရှိပေ။ မင်နီယာပိုလစ် မြို့တွင်မူ ဆူပူအကြမ်းဖက်မှုများမှာ အရှိန်မထိန်းနိုင်လောက်အောင်ပင်ဖြစ်လာသည်။ အကြမ်းဖက်လုယက်မှုများပင်ပေါ်ပေါက်လာပေသည်။ 

သမ္မတထရမ့်အစိုးရအပေါ် တေးထားသော အမေရိကန်လူထု၏ မကျေနပ်ချက်များမှာ ဂျော့ဖလွိုက်သေဆုံးမှုကို အကြောင်းပြု၍ စိတ်ကြိုက်ဖောက်ထုတ်ခွင့်ရသလိုဖြစ်လာသည်။ လူမျိုးရေး (အသားအရောင်) ကိစ္စနှင့်ပတ်သက်၍ ခါးသီးသော သမိုင်းကြောင်းရှိထားသည့်နိုင်ငံကြီးတစ်နိုင်ငံအတွက် ယခုလိုခေတ်ကာလတွင် ထိုကဲ့သို့သော အဖြစ်သနစ်မျိုးပြန်လည်ကြုံတွေ့လာရခြင်းမှာ အတော့်ကိုစိုးရိမ်စရာ ကောင်းသည့်ကိစ္စပင်။ အချို့က ဂရိဒဏ္ဍာရီထဲက ပန်ဒိုရာသေတ္တာကြီးဆွဲဖွင့်လိုက် သကဲ့သို့ပင်ရှိသည်ဟု ခိုင်းနှိုင်းကြသည်။ မကောင်းတာတွေဖြစ်လာမည့် အန္တရာယ်ရှိသည်ဟုဆိုလိုခြင်းဖြစ်သည်။ 

ဤသို့သောအခြေအနေတွင် သမ္မတထရမ့်က မတည်မငြိမ်မှုများနှင့် ပတ်သက်၍ လုယက်မှုများရှိလျှင် ပစ်ခတ်မှုများလည်းရှိမည်ဟု သူ၏ဆိုရှယ်မီဒီယာပလက်ဖောင်း ဖြစ်သော Twitter ပေါ်မှနေ၍ ကြိမ်းဝါးပြန်သည်။ မြန်မာနိုင်ငံတွင် တစ်ချိန်က စစ်အာဏာရှင်ကြီးတစ်ဦး၏ “တုတ်တုတ်ချင်း၊ ဓားဓားချင်း”၊ “စစ်တပ်ဆိုတာ မိုးပေါ်ကိုထောင်မပစ်ဘူး၊ တည့်တည့်ပစ်တယ်” ဆိုသော မှတ်ချက်စကားနှင့်ပင် သဘောသဘာဝတူညီနေပေသည်။ ကမ္ဘာ့ဒီမိုကရေစီချန်ပီယံကြီးကို ဦးဆောင် နည်းပြလုပ်နေသူ သမ္မတတစ်ဦး၏ အဓိကရုဏ်းများ၊ မတည်မငြိမ်မှုများ၊ ဆန္ဒပြမှုများအပေါ် တုံ့ပြန်မှုမှာ အာဏာရှင်များနှင့် ထူးမခြားနားပေ။ 

ဒီမိုကရေစီသည် မင်းမဲ့စရိုက်မဟုတ်ပေ။ ပြည်သူနှင့် ပြည်သူ့ဆန္ဒကို အခြေခံကာ ပြည်သူနှင့်တစ်သားတည်းသွားရသည့် စနစ်ဖြစ်သည်ဆိုသောအချက်ကိုလည်း အထွေအထူးရှင်းပြနေစရာလိုမည်မဟုတ်ပေ။ သို့သော် ပြည်သူလူထု၏ စိတ်ခံစားချက် ကိစ္စကို ပကတိတရားအဖြစ် လက်ခံစဉ်းစားပေးနိုင်ခြင်းမရှိတော့သည့် အချိန်တွင် ဒီမိုကရေစီအုတ်မြစ်များလည်း သူ့အလိုလိုကွယ်ပျောက်သွားတတ်ကြောင်း မီးမောင်းထိုးပြလိုရင်းဖြစ်ပါသည်။ 

အယ်ဒီတာ ( ၃၁ - ၅ - ၂၀၂၀ )