News

POST TYPE

POPULAR POST

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြုတ်ချရေးအဆိုသည် သိက္ခာကျဆင်းစေရန်နှင့် စိတ်အနှောင့်အယှက်ဖြစ်စေရန် ဆောင်ရွက်မှုဟု NLD ဆို
01-Jun-2020


နေပြည်တော်၊ မေ ၃၁ 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ကို ဖြုတ်ချရန် အဆိုတင်သွင်းခြင်းသည် ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် စိတ်အနှောင့် အယှက်ဖြစ်စေရန် ဆောင်ရွက်စေမှု သက်သက်သာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွှန့်က မေလ ၃၁ ရက်နေ့တွင် ပြောဆိုသည်။

“အရှုံးအမြတ် ဘယ်လိုထွက်မလဲဆိုတာ သူတို့လုပ်တဲ့ ရည်ရွယ်ချက်ဆိုတာထက်ရလာတဲ့အဖြေဟာ နိုင်ငံရေး အရ မြတ်မလား၊ ရှုံးမလားဆိုတာ ဖြစ်ပေါ်လာတဲ့အခြေအနေပေါ်မှာပဲ သုံးသပ်ရမှာပဲ။ တကယ်တော့ ဒါဟာ သိသိကြီးပဲလေ။ သိသိကြီးနဲ့ လုပ်တယ်ဆိုတာကိုက ဘာကြောင့်လုပ်သလဲဆိုတဲ့ အဖြေကသတ်သတ်၊ သဘော ထားမှတ်ချက် ပေးစရာမလိုလောက်အောင် ရှင်းနေတယ်လို့ အန်ကယ်က ပြောချင်တယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဒီလိုလုပ်ခြင်းအားဖြင့် သူတို့လိုချင်တဲ့ အဖြေ မထွက်လာနိုင်ဘူးဆိုတာကို သိရဲ့သားနဲ့လုပ်တယ်ဆိုတာက နာမည်ပျက်အောင် ဒါမှမဟုတ် သိက္ခာကျအောင်၊ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ရ ရင် ပြီးရောဆိုတဲ့ အနေအထားမျိုးပဲ ကောက်ချက်ချလို့ရတာပေါ့” ဟု ၎င်းက ပြောဆိုသည်။

ဦးတီခွန်မြတ်ကို ဖြုတ်ချနိုင်ရန် အကြောင်းပြချက် စုစုပေါင်း ၁၁ ချက် တင်သွင်းထားရာ ယင်း ၁၁ ချက်သည် ဥပဒေအရ ခိုင်လုံသည့်အချက်များ ဟုတ် မဟုတ် ဇွန်လ ၁ ရက် တနင်္လာနေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်များ ဆွေးနွေးရာ၌ ပေါ်လွင်လာမည်ဖြစ်သည်။

ယင်းအဆို တင်သွင်းထားခြင်းနှင့် ပတ်သက်၍ ဦးအောင်ကြည်ညွှန့်က “နိုင်ငံရေးအရ လုပ်တယ်ဆိုတာကတော့ ရှင်းပါတယ်။ သူတို့ တင်ပြချက်တွေ အတိုင်းကို ပြည်သူ့လွှတ်တော်မှာဆိုတော့ ဥက္ကဋ္ဌအနေနဲ့ ပြည်ထောင်စုလွှတ်တော် မှာဆိုလည်း နာယကအနေနဲ့ သူတို့ လိုချင်တာတွေ၊ သူတို့ပြောတဲ့အတိုင်း လိုက်လုပ်မပေးတဲ့အပေါ်မှာ မူတည်ပြီး တော့ ဘာပဲပြောပြော အနည်းဆုံး ဒီလို လုပ်တယ်ဆိုတဲ့အနေအထားနဲ့ သိက္ခာချ နိုင်လောက်တဲ့ အနေအထားမျိုးတွေ တော့ရှိတာပေါ့။ ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာကိုတော့ ထင်မြင်ချက်နဲ့ မှန်းဆပြီး ပြောကောင်းတဲ့ ကိစ္စမဟုတ် ဘူး” ဟု ထပ်မံပြောဆိုသည်။

ဦးတီခွန်မြတ်သည် ပထမအကြိမ် လွှတ်တော်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့ပြီး ဥပဒေ ရေးရာကိစ္စများကို ပိုင်နိုင်ကျွမ်းကျင်သူတစ်ဦးဖြစ်သည့်အတွက် ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။ 

ယင်းအပြင် ၎င်းဖြတ်သန်းခဲ့သည့် သမိုင်းတစ်လျှောက် ထူးချွန်တံဆိပ်များ၊ ဝန်ထမ်းကောင်းတံဆိပ်များ၊ ရဲစွမ်းသတ္တိ တံဆိပ်များအပြင် စီမံခန့်ခွဲမှုထူးချွန်သူ အစရှိသည့် ဆုတံဆိပ်များ ရရှိထားသူတစ်ဦးလည်းဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက အဖြစ် တာဝန်ထမ်းဆောင်နေချိန်အတွင်း ယခင် ဥက္ကဋ္ဌ၊ နာယကများကဲ့သို့ လွှတ်တော် ကို ဖိဖိစီးစီးထိန်းကျောင်းနိုင်ခြင်းမရှိဘဲ ပျော့ညံ့သည်ဟူသော ဝေဖန်မှုအချို့လည်း ရှိနေသည်။

“လိုက်လျောလို့ မဖြစ်နိုင်လောက် ဘူးဆိုတဲ့ အနေအထားမျိုးအရ ဆိုရင်တော့ နာယကတစ်ယောက်အနေနဲ့ သူ့မှာရှိတဲ့ လုပ်ပိုင်ခွင့်အတိုင်းပဲ ဆောင်ရွက်တယ်။ အဲ့ဒီအပြင် သူဆောင်ရွက်နေတဲ့ လုပ်ငန်းကတစ်ဖက်က စွပ်စွဲတင်ပြထား သလို သူ့သဘောနဲ့သူလုပ်ခဲ့တာ တစ်ခုမှ မရှိဘူးလို့ ကျွန်တော်က လုံးဝ ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ လွှတ်တော် ထဲမှာ စီစဉ်ဆောင်ရွက်ရတဲ့အခါမှာ မေးခွန်းတွေ၊ အဆိုတွေနဲ့ ပတ်သက်လို့ ခွင့်ပြုခြင်း၊ မပြုခြင်းက လွှတ်တော်နာယက တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ပဲ။ အဲ့ဒါ အပြည့်အဝ ပေးထားပြီးသား၊ အဲ့ဒီလုပ်ပိုင်ခွင့်အရပဲ ဆောင်ရွက်ပြီးတော့ ဘယ်ကိစ္စကိုတော့ ကြိုးစားတယ်၊ ဘယ်ကိစ္စကိုတော့ ဆောင်ရွက် တယ်ဆိုတာမျိုးကတော့ အခြေအမြစ် မရှိဘူး။ လွှတ်တော်ထဲမှာ စီစဉ်ဆောင် ရွက်တဲ့အခါမှာ လွှတ်တော်နာယက တစ်ယောက်အနေနဲ့ လုပ်ချင်တာတွေ လုပ်ရတာမဟုတ်ဘူး။ လွှတ်တော်ရဲ့ အဆုံး အဖြတ်အပေါ်မှာ မူတည်ပြီး လွှတ်တော် ကြီးက ဆုံးဖြတ်လိုက်တဲ့အတိုင်း ထိန်းသိမ်း စီစဉ်ဆောင်ရွက်သွားရတဲ့ အနေအထား မျိုးမှာပဲ ရှိတယ်။ ဒါကြောင့်မို့လို့ ဖြောင့်ဖြောင့် မတ်မတ် မှန်မှန်ကန်ကန်နဲ့ ထိန်းသိမ်းစောင့်ရှောက်သွားတဲ့ လွှတ်တော်နာယက တစ်ယောက်အဖြစ်ပဲ လုံးဝယုံကြည်တယ်” ဟု ဦးအောင်ကြည်ညွှန့်က ထပ်မံပြောဆိုသည်။

ဇွန်လ ၁ ရက် (ယနေ့)ကျင်းပမည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြုတ်ချရေးအဆိုနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များက အသီးသီးဆွေးနွေးကြမည်ဖြစ်သည်။

စွမ်းရဲထွဋ် (VOM)