News

POST TYPE

POPULAR POST

လှိုင်သာယာနှင့် ရွှေပြည်သာစက်မှုဇုန်တို့ရှိ စက်ရုံသုံးရုံမှ အလုပ်သမားများကို နစ်နာကြေးပေး၍ ပိတ်သိမ်း
01-Apr-2020
ရန်ကုန်၊ မတ် ၃၁

လှိုင်သာယာ၊ ရွှေပြည်သာစက်မှုဇုန်ရှိ Gust Myanmar အထည်ချုပ်စက်ရုံနှင့် Global Wealth (၁)(၂)စက်ရုံနှစ်ရုံသည် မတ်လ ၃၁ ရက်နေ့တွင် အလုပ်သမားများကို နစ်နာကြေးပေးကာ ပိတ်သိမ်းလိုက်ကြောင်း ယင်းစက်ရုံ အလုပ်သမားများထံမှသိရသည်။

လှိုင်သာယာ၊ ရွှေသံလွင်စက်မှုဇုန်ရှိ Gust Myanmar အထည်ချုပ်စက်ရုံသည် မတ်လ ၃၁ ရက်နေ့တွင် အလုပ်သမားများကို နို့တစ်ကြေး၊ လုပ်ခလစာ ၁ လစာပေးပြီး ယာယီပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။ 

ယင်းစက်ရုံမှ အလုပ်သမားခေါင်းဆောင်မအေးသူဇာက "ယာယီပိတ်တာလား အပြီးပိတ်တာလား မသဲကွဲဘူးဖြစ်နေတယ်။ စက်ရုံက ရက်အကန့်အသတ်မရှိ  ပိတ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားတယ်"ဟု ဆိုသည်။

ရွှေပြည်သာ၊ သာဓုကန်စက်မှုဇုန်ရှိ၊ Global Wealth (၁)(၂)ကျောပိုးအိတ်စက်ရုံ နှစ်ရုံကမူ အလုပ်ရှင်က မတ်လ ၃၁ ရက်နေ့တွင် အပြီးပိတ်သိမ်းကြောင်း ကြေညာပြီး ဧပြီလ ၁ ရက်နေ့တွင် လစာနှင့်နစ်နာကြေးများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ယင်းစက်ရုံမှ အလုပ်သမားခေါင်းဆောင် ကိုအောင်ပြည့်ဖြိုးက ပြောသည်။

Global Wealth (၁)(၂) ကျောပိုးအိတ်စက်ရုံ နှစ်ရုံမှ အလုပ်သမား ၁၃၀ဝ ကျော်တို့ကို ဧပြီလ ၁ ရက်နေ့တွင် နို့တစ်ကြေး တစ်လစာနှင့်နစ်နာကြေးများကို အလုပ်သမားဥပဒေပါအတိုင်း နှစ်အလိုက် ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Covid-19 ပြဿနာနှင့်ဆက်စပ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း မတ်လ ၃၁ ရက်နေ့အထိ စုစုပေါင်းပိတ်သိမ်းခဲ့သည့်စက်ရုံများမှာ ၄၁ ရုံရှိကြောင်း၊ အလုပ်လက်မဲ့အလုပ်သမားဦးရေမှာ ၂၅,ဝ၀ဝ ဝန်းကျင်ရှိပြီဖြစ်သည်။

J-01