News

POST TYPE

POPULAR POST

ကျောက်မဲတွင် Covid-19 ရောဂါရှိသူ တွေ့ပြီးနောက် မြို့ပေါ်လမ်းများပိတ်ထား
01-Apr-2020
လားရှိုး၊ မတ် ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ပြည်တော်ပြန်တစ်ဦးထံမှ Covid-19 ပြင်းထန်အဆုတ်ရောင်ရောဂါပိုး တွေ့ရသည်ဟု ကြေညာချက်ထုတ်ပြန်ပြီးနောက် ကျောက်မဲမြို့ပေါ်ရှိလမ်းများ အားလုံးကို အသွားအလာပိတ်ထားလိုက်ကြောင်း ဒေသခံများထံက သိရသည်။ 

“မတ်လ ၃၁ ရက်မနက်ပိုင်းက စပြီးမြို့ပေါ်က လမ်းတွေပိတ်လိုက်တယ်။ လမ်းသွယ်၊ လမ်းကြားအားလုံးပိတ်ပြီး ပင်လုံလမ်းမကြီးတစ်ခုပဲ ဖွင့်ထားလိုက်တယ်။ အားလုံးကို Home Quarantine လုပ်လိုက်တယ်။ မဖြစ်မနေသွားရမယ့်သူက ပင်လုံလမ်းက သွားလို့ရတယ်”ဟု ကျောက်မဲမြို့မှ ယာဉ်မောင်းကိုဖြိုးမင်းက ပြောကြားသည်။

ကျောက်မဲမုခ်ဦးအဝင် ပင်လုံလမ်းမကြီးသည် မန္တလေး-လားရှိုးအဝေးပြေး လမ်းမကြီးနှင့် ထိဆက်နေခြင်းကြောင့်  အဝေးပြေးယာဉ်များသွားလာရာတွင် အဆင်ပြေကြောင်း ကိုဖြိုးမင်းက ဆက်လက်ပြောကြားသည်။ 

COVID-19 ရောဂါတွေ့ရသူမှာ ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စုအတွင်းရှိ ရွာတစ်ရွာမှဖြစ်ပြီး ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်နေရာမှ မတ် ၂၅ ရက်က ထိုင်းနိုင်ငံမယ်ဆိုင်မြို့မှ တာချီ လိတ်မြို့သို့ ချစ်ကြည်ရေးတံတားအမှတ် ၁ မှ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပြီး တာချီလိတ်မြို့ရှိ ဧရာဝဏ်ဟိုတယ်တွင် မတ်လ ၂၅ ရက် ၂၆ ရက်၂ ညအိပ်ပြီး မတ် လ ၂၇ ရက်တွင် တာချီလိတ်မှမန္တလေးသို့ လေယာဉ်ဖြင့်ပြန်လာကာ မန္တလေးလေဆိပ်တွင် ၎င်း၏ဖခင်ကိုယ်တိုင် ကားမောင်းပြီး ကြိုဆိုခဲ့ကာ ရွာပြန်ခဲ့ကြောင်း၊ မတ်လ ၂၈ ရက်နေ့တွင် အပြင်းဖျားရာမှ ကျောက်မဲဆေးရုံသို့ရောက်လာသူဖြစ်ကြောင်း ကျန်းမာရေးဌာနထံမှ သိရသည်။ 

၎င်းပြည်တော်ပြန်သူ၏မိသားစုတွင် လူ ၄ ဦးရှိပြီး တာချီလိတ်ချစ်ကြည်ရေး တံတားသို့ ထိုင်းနိုင်ငံဘက်မှ လူပေါင်း ၈၆၅ ဦးနှင့်အတူ မြန်မာနိုင်ငံသို့ ပြန်ဝင်လာခဲ့ခြင်းဖြစ်ကြောင်း ကျောက်မဲမြို့တွင် ၎င်းနှင့်ဆက်စပ်သူ လူ ၁၈ ဦးကို Home Quarantine ဖြင့် ၁၄ ရက်စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနက ဆိုသည်။ 

Covid-19 ပြင်းထန်အဆုတ်ရောင် ရောဂါပိုးတွေ့ရသည့် ပြည်တော်ပြန် အမျိုးသားမှာ အသက် ၂၄ နှစ်ရှိသူဖြစ်ပြီး လတ်တလောတွင် ၎င်း၏ကျန်းမာရေးအခြေအနေမှာ  တိုးတက်ကောင်းမွန်နေသည်ဟု ကျန်းမာရေးဌာနက ပြောဆိုထားသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် Covid-19 ပြင်းထန်အဆုတ်ရောင်ရောဂါ စောင့်ကြည့်လူနာ ၂၅ ဦးရှိခဲ့ပြီး ပိုးတွေ့သူတစ်ဦးသာရှိကြောင်း ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။  

မမ(လာရှိုး)