News

POST TYPE

POPULAR POST

ဧပြီလအတွင်း စက်ရုံအလုပ်ရုံများ ခေတ္တပိတ်သိမ်းရေး တိုင်းအစိုးရထံတင်ပြ
01-Apr-2020
ရန်ကုန်၊ မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ စက်ရုံအလုပ်ရုံများကို ဧပြီလအတွင်း ခေတ္တပိတ်သိမ်းရေးကို တိုင်းအစိုးရထံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CUTM) တင်ပြခဲ့ကြောင်း ယင်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးစန္ဒာစိုးက ပြောကြားသည်။

အဆိုပါအကြောင်းအရာကို မတ်လ ၃၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလုပ်သမားအဖွဲ့ ၁၄ ဖွဲ့တွေ့ဆုံခဲ့ရာတွင် CUTM က တင်ပြခဲ့ခြင်းဖြစ်သည်။

"ကျွန်မကတော့ Covid-19 နဲ့ ပတ်သက်ပြီး အလုပ်သမားတွေအတွက် စိုးရိမ်တယ်" ဟု မဖြိုးစန္ဒာစိုးကဆိုသည်။

အထည်ချုပ်စက်ရုံများတွင် အလုပ်သမားထောင်ချီ အလုပ်လုပ်ရသောကြောင့် ကူးစက်မှုမြန်ဆန်နိုင်သဖြင့် အလုပ်သမားများအား ဧပြီလအတွင်း လစာအပြည့်ပေး၍ ခေတ္တပိတ်သိမ်းရေးကို တိုင်းအစိုးရထံတင်ပြခဲ့ခြင်းဖြစ်ပြီး အစိုးရအဖွဲ့မှ ပြန်လည်အကြောင်းပြန် မည်ဟု ဖြေကြားခဲ့သည်။

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များတွင် အထည်ချုပ်စက်ရုံများ ဆက်တိုက်ပိတ်သိမ်းနေသဖြင့် အလုပ်သမားများကို အခြေခံလစာပေး၍ ခေတ္တပိတ်သိမ်းကာ ယင်းကာလအတွင်း အထည်ချုပ်စက်ရုံများကို ပိုးသတ်ဆေးဖျန်းပေးခြင်းက ပိုမိုကောင်းမွန်ကြောင်း မဖြိုးစန္ဒာစိုး ကရှင်းပြသည်။

ဧပြီလအတွင်း အထည်ချုပ်စက်ရုံများအားလုံးပိတ်သိမ်းပါက အလုပ်သမားများအတွက် လစာကို လူမှုဖူလုံရေးအဖွဲ့က  ၆၀ ရာခိုင်နှုန်း၊ အလုပ်ရှင်က ၄၀ ရာခိုင် နှုန်းပေးရန် အလုပ်သမားအဖွဲ့အသီးသီးက တင်ပြခဲ့ကြောင်း အလုပ်သမားသမဂ္ဂများပူးပေါင်းရေးကော်မတီ (CCTU) မှ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်ဝင်းက ပြောကြားသည်။

လတ်တလောတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထည်ချုပ်စက်ရုံများ ပိတ်သိမ်းသည်မှာ ၄၁ ရုံ ရှိသွားပြီဖြစ်သည်။      

J-01