News

POST TYPE

POPULAR POST

ကားလမ်းပိတ်ထားသဖြင့် အလောင်းတော်ကဿပ တောင်ပေါ်တွင် လူဦးရေ ၁၅၀ ခန့်ပိတ်မိ
05-Jan-2020


ကလေး ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် အတွင်းရှိ အလောင်းေတော် ကဿပ ဘုရားဖူး တောင်တက်လမ်းသည် မိုးရွာသွန်းပြီးနောက် ယာဉ်လိုင်းပြေးဆွဲမှု ယာယီပိတ်ထားသဖြင့် အလောင်းတော်ကဿပတောင်ပေါ်တွင် ဘုရားဖူးခရီးသည် ၁၅၀ ခန့် ပိတ်မိနေကြောင်း အလောင်းတော်ကဿပ ဂေါပကအဖွဲ့ ဥက္ကဌ ဦးအောင်ကိုလင်းက ပြောသည်။

မိုးရွာသွန်းနေသဖြင့် အလောင်းတော်ကဿပ ဘုရားဖူးကားလမ်းဖြစ်သည့် တောင်ခြေရှိ ကပိုင်ကျေးရွာမှ ဘုရားအထိ ကားလမ်းမိုင် အရှည် ၂၀ ခန့်မှာ လမ်းချော်သဖြင့် ကားသွားလာမှု ယာယီရပ်နားခဲ့ခြင်းဖြစ်သည်။ ကားသွားလာမှု ရပ်နားခြင်းကို ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ပိတ်ထားခဲ့ရာ တောင်ပေါ်တွင် ဘုရားဖူးရောက်ရှိနေသည့် ခရီးသည် ၁၅၀ မှာ ပြန်ဆင်းလာ၍ မရတော့ပဲ တောင်ပေါ်တွင် ပိတ်မိနေခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

"ပြန်မဆင်းနိုင်သေးတဲ့ ခရီးသည်တွေကို ဂေါပကအဖွဲ့ကနေ ဦးဆောင်ပြီးတော့ အစားအစာတွေ အစတုဒိသာ ပုံစံမျိုး အခမဲ့ကျွေးနေတယ်။နေဖို့ ထိုင်ဖို့ကျတော့လည်း သာသနိက အဆောက်အဦးတွေမှာ အခန်းတွေ ဘာတွေနဲ့ အခမဲ့အကုန်စီစဉ်ပေးထားတယ်"ဟု ဥက္ကဌ ဦးအောင်ကိုလင်းက ပြောသည်။

ဇန်နဝါရီလ ၅ ရက်နေ့အထိ မိုးရွာသွန်းနေသဖြင့် ကားလမ်းကို ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယခုနှစ် အလောင်းတော်ကဿပ ဘုရားဖူးကားလမ်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စတင်ဖွင့်ခဲ့ပြီးရက်ပေါင်း ၁၀ ရက်ကျော်အတွင်း ခရီးသွားဧည့်သည် နှစ်ထောင်ကျော် ဝင်ရောက်ခဲ့သည်။ အလောင်းတော်ကဿပ ဘုရားယာဉ်အဖြစ် မုံရွာမြို့ကို အခြေပြုကာ ကားအသင်း ၂၃ သင်းမှ ကားအစီးရေ ၁၀၀ ကျော်ဖြင့် နေ့စဉ် ပြေးဆွဲပေးနေသည်ဖြစ်သည်။ အလောင်းတော်ကဿပဘုရားတည်ရှိရာ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သည် မင်းကင်းမြို့နယ် ၊ ကနီမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အတွင်း တည်ရှိပြီး ၁၅၉၇ စတုရန်းကီလိုမီတာတာ ကျယ်ဝန်းသည်။ ယင်းဥယျာဉ်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး ဥယျာဉ်တစ်ခုဖြစ်ပြီး အာဆီယံအမွေအနှစ် စာရင်းဝင် ဥယျာဉ်တစ်ခုလည်း ဖြစ်သည်။

(R-20)


  • VIA