News

POST TYPE

POPULAR POST

နေပြည်တော်အစည်းအဝေးကြောင့် အခြေခံပညာစာမေးပွဲအချိန်စာရင်း ပြောင်းလဲနိုင်ချေရှိ
05-Jan-2020

ရန်ကုန်၊ ဇန်နဝါရီ ၅

ဆရာများနှင့် မိဘများ ဝေဖန်လျက်ရှိသည့် လက်ရှိထုတ်ပြန်ထားသော အခြေခံပညာစာမေးပွဲအချိန်စာရင်းများမှာ နေပြည်တော်တွင် ပြုလုပ်မည့် အစည်းအဝေးအပြီးတွင် ထပ်မံပြောင်းလဲနိုင်ချေရှိကြောင်း အခြေခံပညာရေးမှူးရုံးများထံမှ သိရသည်။

နေပြည်တော်တွင် ပြုလုပ်မည့် အစည်းအဝေးကို ဇန်နဝါရီ ၉ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် အခြေခံပညာဦးစီးဌာနမှ လက်ရှိထုတ်ပြန်ထားသောစာမေးပွဲ အချိန်စာရင်းများ၏ ရက်သတ်မှတ်မှုများနှင့် ကြုံတွေ့ရမည့်အခက်အခဲများ၊ ဖြေရှင်းရမည့်နည်းလမ်းများကို တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် ညှိနှိုင်းမည်ဖြစ်ရာ ယင်းအစည်းအဝေးဆုံးဖြတ်ချက်အရ လက်ရှိထုတ်ပြန်ချက်အတိုင်း အတည်ဖြစ်နိုင်သလို အခြားရက်များကိုလည်း ပြောင်းရွှေ့ကျင်းပနိုင်ချေရှိကြောင်း ချင်းပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဖောဂေထီးက ပြောသည်။

“၉ ရက်နေ့မှာ ရက်သတ်မှတ်ဖို့အတွက် ညှိနှိုင်းမှာပါ။ အခုထုတ်ထားတဲ့အတိုင်း ဖြစ်သွားနိုင်သလို၊ ပြောင်းလဲပြောင်းသွားနိုင်သေးတယ်”ဟု ၎င်းက ဆိုသည်။ 
အခြေခံပညာအတန်းများ၏ ကျောင်းတက်ချိန်ကို မတ်လကုန်အထိတက်ရောက်ရန်အတွက် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားပြီးစာမေးပွဲများကိုလည်း ကျောင်းတက်ရက်များအတွင်း ဖြေဆိုရန်အတွက်လည်း သတ်မှတ်ထားသည့်အတွက် စာသင်ခန်းလုံလောက်မှု မရှိခြင်း၊ ဆရာအင်အားလုံလောက်မှုမရှိခြင်း၊ နွေရာသီအပူဒဏ်ခံစားရနိုင်ခြင်း အစရှိသည့်အခက်အခဲများကြောင့် ယခင်နှစ်များကအတိုင်း သတ်မှတ်ကျင်းပရန် အခြေခံပညာအသိုင်းအဝိုင်းမှ ဆရာဆရာမများက ကန့်ကွက်ထောက်ပြမှုများ ရှိနေသည်။

“အဲ့ဒီနေ့ကျရင်ပြန်ဆွေးနွေးမှာ။ အစည်းအဝေးပြီးရင်တော့ အရင်လိုဖေဖော်ဝါရီလမှာ ကျင်းပတာမျိုးဖြစ်နိုင်ချေလည်း ရှိသေးတယ်။ တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူးတွေရဲ့ တင်ပြချက်နဲ့အခြေအနေအရပေါ့”ဟု ကချင်ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးမင်းဦးက ပြောကြားသည်။

အခြေခံပညာအတန်းများ၏ စာမေးပွဲများနှင့် စပ်လျဉ်းပြီးကြုံတွေ့ရမည့်ပြသနာများနှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို တိုင်းဒေသကြီးပြည်နယ်အလိုက် စာရင်းများပြုစုပြီး ယခုလ ၆ ရက်နေ့တွင် နောက်ဆုံးထားတင်ပြရန် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားထားသေးသည်။

အောင်သက်ကို 
 



  • VIA