News

POST TYPE

POPULAR POST

ဆရာမအား ကိုယ်ထိလက်ရောက်ပြုသည့် ကျောင်းသားကို ကျောင်းထုတ်
22-Nov-2019
မြိတ်၊ နိုဝင်ဘာ ၂၂

ဆရာမအား ကိုယ်ထိလက်ရောက်ပြုသည့် နဝမတန်းကျောင်းသားအား ကျောင်းထုတ်လိုက်ကြောင်း ကျောင်းအုပ်ဆရာကြီးနှင့် ကာယကံရှင်များထံမှ သိရသည်။

မြိတ်မြို့နယ်၊ မဇောကျေးရွာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် နဝမတန်းကျောင်းသားသည် ဆရာမ စာသင်နေသည်အချိန်တွင် နှောင့်ယှက်သည့်အပြုအမူ ပြုလုပ်သဖြင့် ဆရာမက ဟန့်တားပြောဆိုရာ ၎င်းက ဖိနပ်ဖြင့်ပစ်ခြင်း၊ ဝင်ထိုးခြင်း၊ တွန်းလှဲခြင်းများ ပြုလုပ်ခဲ့ကြောင်း ကာယကံရှင်ဆရာမနှင့် ကျောင်းအကျိုးဆောင် ကော်မတီဝင်က ပြောသည်။

"ကျောင်းသားတွေ ဝင်ဆွဲတော့ ထိုးတာ မထိဘူး။ တွန်းလှဲတဲ့ဒဏ်ကြောင့် ကျွန်မ လုံးဝ ထလို့မနိုင်တော့ဘူး ဖြစ်သွားတယ်"ဟု ကာယကံရှင် ဆရာမက ပြောသည်။

အဆိုပါကျောင်းသားသည် ယခင် မြိတ်မြို့တွင် နေထိုင်ပြီး မြိတ်မြို့ အ.ထ.က ၂ ကျောင်းမှ မဇောကျေးရွာကျောင်းသို့ ယခုနှစ်မှ ပြောင်းရွှေ့လာသူဖြစ်ကာ ပြီးခဲ့သည့်လပိုင်းကလည်း ဆရာမအား ဆဲဆိုခဲ့ဖူးကြောင်း ကျောင်းအကျိုးတော်ဆောင်များနှင့် ကာယကံရှင် ဆရာမထံမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျောင်းသားအား ကျောင်းထုတ်ပစ်ခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်က ကျောင်းထွက်စာ ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးကြည်စွမ်က ပြောသည်။

Dawei Watch