News

POST TYPE

POPULAR POST

နှစ် ၂၀၀ ခန့်ကဟု ယူဆရသည့် ဆင်အရိုးများ မန္တလေးတွင် တူးဖော်တွေ့ရှိ
08-Nov-2019


မန္တလေး၊ နိုဝင်ဘာ ၇

လွန်ခဲ့သည့် နှစ် ၂၀၀ ခန့် ဘိုးတော် ဗဒုံမင်းလက်ထက်ကဖြစ်နိုင်သည့် ဆင်အရိုးများကို မန္တလေးမြို့၊ အမရပူရမြို့နယ် ရှမ်းကလေးကျွန်းကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ခုအတွင်း ဆွမ်းစားကျောင်းဆောင် ဆောက်လုပ်ရန်အတွက် တိုင်စိုက်ရန် ကျင်းတူးရာမှ တွေ့ရှိခဲ့ကြောင်း ယင်းကျေးရွာဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းက ကျင်းတူးနေစဉ် အနက် ၇ ပေခန့် အရောက်တွင် အဆိုပါဆင်အရိုးများကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းလွင်က ပြောကြားသည်။

“ရှေးဟောင်းဌာနကိုလည်း အကြောင်းကြားတယ်။ သူတို့ပြောဆိုချက်အရတော့ ကျောက်ဖြစ်ရုပ်ကြွင်းအဆင့်ကို မရောက်သေးဘူး။ သက်တမ်းနုသေးတယ်လို့ ဆိုပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ရွာဦးကျောင်းဆရာတော်၏ ခွင့်ပြုချက်ဖြင့် ဆင်အရိုးများကို ဆက်လက်တူးဖော်နေပြီး ရပ်မိရပ်ဖများ၊ ရှေးဟောင်း သုတေသနပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးကာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး လက်ရှိတူးဖော်တွေ့ရှိထားသည်များကို ယင်းဘုန်းကြီးကျောင်းအတွင်းမှာပင် ထိန်းသိမ်းထားကြောင်း သိရသည်။

ရှမ်းကလေးကျွန်းနေရာသည် ဘိုးတော်ဗဒုံမင်းလက်ထက်က မင်္ဂလာဆင်တော်အတွက် စားကျက်မြေနေရာ သတ်မှတ်ပြီး ထိန်းကျောင်းခဲ့သည့်နေရာတစ်ခုဖြစ်ကာ ဆင်၏အမည် ရှမ်းကလေးဆိုသည်ကို အစွဲပြုပြီး ရှမ်းကလေးကျွန်းအဖြစ် ခေါ်ဝေါ်ကြခြင်းဖြစ်ကြောင်း သိရသည်။

M-04