News

POST TYPE

POPULAR POST

အရှေ့အလယ်ပိုင်းဒေသတွင်း အီရန်၏ ဩဇာလွှမ်းမိုးမှုကွန်ရက် ကြီးထွားလျက်ရှိဟုဆို
08-Nov-2019


တီဟီရန်၊ နိုဝင်ဘာ ၇ 

အီရန်နိုင်ငံသည် အရှေ့အလယ်ပိုင်း ဒေသမှ အင်အားကြီးပြိုင်ဘက်ဖြစ်သော ဆော်ဒီအာရေဗျနိုင်ငံကို လွှမ်းမိုးနိုင်ရေးအတွက် မဟာဗျူဟာယှဉ်ပြိုင်မှုတွင် အနိုင်ရရှိလျက်ရှိသည်ဟု လန်ဒန်အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းတစ်ခု၏ လေ့လာချက်တစ်ရပ်ကို BBC သတင်းဌာနက ကိုးကားဖော်ပြသည်။ 

ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် နိုင်ငံတကာဗဟာဗျူဟာလေ့လာရေးအင်စတီကျု (IISS) ၏ လေ့လာဆန်းစစ်ချက်တစ်ရပ်အရ အီရန်သည် ဒေသတွင်းအင်အားကြီး ပြိုင်ဘက်ဆော်ဒီအပေါ် လွှမ်းမိုးချုပ်ကိုင်ရန် မဟာဗျူဟာပြိုင်ပွဲတွင် အသာစီးရလျက်ရှိသည်ဟုဆိုသည်။ 

အီရန်၏ ဒေသတွင်းပြိုင်ဘက်များသည် ဒေါ်လာဘီလီယံပေါင်းများစွာသုံးစွဲပြီး အနောက်ကမ္ဘာလုပ်လက်နက်များကို ဝယ်ယူနေရချိန်တွင် ဒဏ်ခတ်အရေးယူမှုများစွာနှင့် ရင်ဆိုင်နေရသောအီရန်သည် ဒေသတွင်း မဟာဗျူဟာအကျိုးအမြတ်ရှိသည့် အနေအထားသို့ရောက်အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း လေ့လာချက်က ဆိုသည်။ 

ဆီးရီးယား၊ လက်ဘနွန်၊ အီရတ်နှင့် ယီမင် အစရှိသောအရေးကိစ္စကြီးများတွင် အီရန်သည် အရေးပါအရာရောက်သော နေရာတွင်ရှိနေပြီး အချို့သောကိစ္စများ အပေါ် လွှမ်းမိုးနိုင်ချုပ်ကိုင်ထားနိုင်သည်ဟု ဆိုသည်။ 

ထိုသို့သော အနေအထားသို့ရောက်လာခြင်းမှာ အီရန်သည် အရှေ့အလယ်ပိုင်း ဒေသတစ်လျှောက်တွင် နိုင်ငံအစိုးရတို့နှင့်မပတ်သက်သော မဟာမိတ်ကွန်ရက်တစ်ခုကို ပုံမှန်တည်ဆောက်လာနိုင်ခဲ့ကြောင့် ဖြစ်သည်။ 

လက်ဘနွန်မှ ဟစ်ဇ်ဘိုလာကဲ့သို့ သောအဖွဲ့အစည်းမျိုးကို ထောက်ပံ့ပေးခြင်းအားဖြင့် အီရန်သည် တော်လှန်ရေး အိုင်ဒီယော်လော်ဂျီများကို ပြန့်ပွားအောင် လုပ်ဆောင်လာနိုင်ခဲ့ကြောင်း၊ ၁၉၇၉ ခုနှစ် တီဟီရန်သို့ အယာတိုလာခါမေနီ ပြန်လည် မဝင်ရောက်မီအချိန်ကာလကတည်းက ဖြစ်ကြောင်း IISS က လေ့လာချက်က ဆိုသည်။ 

IISS ၏ စာမျက်နှာ ၂၁၇ မျက်နှာပါ အစီရင်ခံစာခေါင်းစဉ်မှာ “အရှေ့အလယ် ပိုင်းဒေသတွင်း အီရန်၏ ကြီးစိုးလွှမ်းမိုးမှုဆိုင်ရာကွန်ရက်” ဟူ၍ ဖြစ်ပြီး ဒေသတွင်း အီရန်နိုင်ငံ၏ မဟာဗျူဟာစစ်ဆင်ရေးကြီးများအကြောင်းကို အသေးစိတ်လေ့လာဆန်းစစ်ပြထားသည်။ 

အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင် အရေးပါသည့်အင်အားစုများ၏ မျှခြေကို ကောင်းစွာ ထိန်းထားနိုင်သည်ဟု ဖော်ပြသည်။ 

F-01