News

POST TYPE

POPULAR POST

ဗိုလ်ချုပ်ပုံရိုက်နှိပ်ထားသည့် ငါးမူးသားရွှေဒင်္ဂါးများ ဗဟိုဘဏ် စတင်ထုတ်ဝေ
08-Nov-2019


ရန်ကုန်၊ နိုဝင်ဘာ ၇

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် အသစ်ထပ်မံထုတ်လုပ်ထားသည့် စံချိန်မီ ငါးမူးသားဒင်္ဂါးများကို စတင်ရောင်းချနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“ဗိုလ်ချုပ်ပုံ ဒင်္ဂါးပြားတွေကို အသစ်ပြန်ထုတ်လိုက်တာ။ အရင်က တစ်ကျပ်သားနဲ့ တစ်မတ်သားထုတ်ပြီးသား။ အခုက အသစ်အနေနဲ့ ငါးမူးသားကို ထပ်ထုတ်လိုက်တာ” ဟု ၎င်းက ပြောဆိုသည်။ 

လက်ရှိတွင် ဗဟိုဘဏ်အနေနှင့် တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား စံချိန်မီဒင်္ဂါးများကို ပြီးခဲ့သည့် ၁၉၉၁ ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး ပုံစံသစ်များကို ၂၀၁၈ ခုနှစ်က စတင်၍ ပြန်လည်ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

လက်ရှိထုတ်လုပ်ထားသည့် တစ်ကျပ်သားရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် ကြယ်တစ်ပွင့်ပုံ၊ ငါးမူးသားရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် လယ်ထွန်သောပုံ၊ တစ်မတ်သားရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် သစ်ဆွဲနေသည့် ဆင်ပုံများ သွန်းလောင်းပြီး တစ်မတ်သား (ပုံစံသစ်) နှင့် တစ်ကျပ်သား (ပုံစံသစ်) စံချိန်မီ ရွှေဒင်္ဂါးများ၏ မျက်နှာပိုင်းဗဟိုတွင် ဗိုလ်ချုပ်ပုံ သွန်းလောင်းထားကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသစ်ထပ်မံထုတ်လုပ်ထားသည့် ငါးမူးသားရွှေဒင်္ဂါး၏ အချင်းမှာ ၂၂ မီလီ မီတာ၊ အထူမှာ ၁ ဒသမ ၅ မီလီမီတာ ဖြစ်ပြီး ဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ပုံအောက်တွင် Aung San အမည် ပါရှိမည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစံချိန်မီဒင်္ဂါးပြားများကို ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သွန်းလောင်းသည့်ဌာန အကြီးအကဲတို့၏ မှန်ကန်ကြောင်း ထောက်ခံချက်များ တစ်ပေါင်းတည်း ပါရှိမည်ဖြစ်ပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေးရှိ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များတွင် နေ့စဉ် ရွှေပေါက်ဈေးအပေါ် အလျော့တွက်နှင့် ကုန်ကျစရိတ်ကျပ် ၂၅,၀၀၀ ထပ်ပေါင်းသည့်ဈေးနှုန်းဖြင့် ယခုနှစ် နိုဝင်ဘာလပထမပတ်မှ စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

ပြည့်ဖြိုးမြင့်မွန်