News

POST TYPE

POPULAR POST

NCA လက်မှတ်ထိုးသဖြင့် ကရင်ပြည်နယ် ပိုမိုတိုးတက်လာမည်ဟု သမ္မတမျှော်လင့်
08-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၇

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားများ တစ်စထက်တစ်စ တိုးတက်မြင့်မားလာမည်ဟု မျှော်လင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် ၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သဝဏ်လွှာပေးပို့ခဲ့ပြီး ကရင်ပြည်နယ် ဘားအံမြို့တွင်ပြုလုပ်ခဲ့သည့် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့လည်း သမ္မတဦးဝင်းမြင့် တက်ရောက်ခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသည့် ကရင်ပြည်နယ်တွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ လျှပ်စစ်မီးကဏ္ဍ၊ စီးပွားရေးကဏ္ဍ အစရှိသဖြင့် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

အလားတူ ကရင်ပြည်နယ်အတွင်း တိုက်ပွဲခေါ်သံများ ချုပ်ငြိမ်းလာကာ မိမိတို့ဒေသ ဖွံ့ဖြိုးရေးကိစ္စအဝဝကို အာရုံစိုက်ဆောင်ရွက်နေနိုင်ပြီဖြစ်ကြောင်း၊ ကရင် ပြည်နယ်အတွင်း ဒေသခံပြည်သူများ၏ လူမှုစီးပွားများ တစ်စထက်တစ်စတိုးတက် မြင့်မားလာမည်ဟုလည်းမျှော်လင့်ထားကြောင်း၊ ကရင်ပြည်နယ်အတွင်း မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားနှစ်စင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သောကြောင့် ဒေသခံ တိုင်းရင်းသားပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ တိုးမြင့်လာခြင်းနှင့်အတူ ပြည်သူလူထု၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း ဝမ်းမြောက် ဝမ်းသာစွာတွေ့ မြင်နေရပြီဖြစ်ကြောင်း ဦးဝင်းမြင့်က ဆိုသည်။

ထို့ပြင် ကရင်ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများအားလုံး အားကြိုးမာန်တက် စုစည်းညီညွတ်မှုဖြင့် ငြိမ်းချမ်းရေး ခရီးကို ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတော် အစိုးရရည်မှန်းချက်ဖြစ်သည့် ငြိမ်းချမ်းရေး ခရီးအတွက် အထောက်အပံ့ဖြစ်ခဲ့ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်နိုင်ရေးအတွက် ယင်းသို့ တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် သမ္မတက ဆက်လက်ပြောကြားသည်။

ကရင်ပြည်နယ်တွင် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး KNU၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU-KNLA (PC) စသည့် လက်နက် ကိုင်သုံးဖွဲ့ အပစ်ရပ်စာချုပ် NCA တွင် လက်မှတ်ရေးထိုးထားသည်။ 

၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို ဘားအံမြို့တွင် ပြုလုပ်ခဲ့ပြီး ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲ၊ စင်တင်တေးဂီတဖျော်ဖြေပွဲ၊ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ၊ ဇာတ်ပွဲများ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၁၉၅၁ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်အရ ကရင်ပြည်နယ်ကို အသိအမှတ်ပြုသည့် နိုဝင်ဘာလ ၇ ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

J-08