News

POST TYPE

POPULAR POST

သင်္ဘောတစ်စင်းလုံးကို သတ်ကာ တောင်ကိုရီးယားသို့ ပြေးလာသည့် မြောက်ကိုရီးယား ၂ ဦးကို ဖမ်းပြီး ပြန်ပို့
07-Nov-2019


ဆိုးလ်၊ နိုဝင်ဘာ ၇

တောင်ကိုရီးယားဘက်သို့ မပြေးလာခင် ငါးဖမ်းသင်္ဘောပေါ်တွင် သင်္ဘောသား ၁၆ ဦးကို သတ်ပစ်ကာ ခိုလှုံလာသည့် မြောက်ကိုရီးယားသားနှစ်ဦးကို တောင်ကိုရီးယားက ဖမ်းကာ မြောက်ကိုရီးယားသို့ ပြန်ပို့ခဲ့ကြောင်း သတင်းများက ဆိုသည်။

၎င်းတို့သည် စနေနေ့က တောင်ကိုရီးယားရေပြင်သို့ ဝင်ရောက်လာခဲ့ပြီးနောက် တောင်ပိုင်းက ဖမ်းဆီးခဲ့ကြခြင်း ဖြစ်သည်။

တောင်ကိုရီးယားသည် သာမန်အားဖြင့် ထွက်ပြေးခိုလှုံလာသူများကို လက်ခံလေ့ရှိပြီး ယခုဖြစ်စဉ်တွင်တော့ အမျိုးသားနှစ်ဦးသည် လုံခြုံရေးအန္တရာယ်ရှိသော ရာဇဝတ်ကောင်များဖြစ်ကြောင်း တောင်ကိုရီးယားက ယူဆခဲ့သည်။

၎င်းတို့ကို ထွက်ပြေးခိုလှုံလာကြသူများဟု မယူဆဘဲ ရာဇဝတ်သားများအဖြစ် ယူဆကာ ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။

ကင်းမွန်ဖမ်းသော လှေဖြင့် နယ်စပ်ကို ကျော်လွှားလာခဲ့သော မြောက်ကိုရီးယားသင်္ဘောကို တောင်ကိုရီးယား စစ်သင်္ဘောက နှစ်ရက်အကြာတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ကောင်းကောင်း မဆက်ဆံဘဲ နှိပ်စက်သောကြောင့် သင်္ဘောကပ္ပတိန်ကို အောက်တိုဘာလကုန်ခါနီးက သတ်ပစ်ခဲ့ကြောင်း မြောက်ကိုရီးယားသားနှစ်ဦးက ထွက်ဆိုထားသည်။

သင်္ဘောကို အာဏာသိမ်းလိုက်စဉ် ဆန့်ကျင်ကြသော သင်္ဘောသားများကို တစ်ယောက်ပြီး တစ်ယောက် သတ်ပစ်ခဲ့ကြောင်း၊ အလောင်းများကို ရေသို့ပစ်ချခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ပထမ မြောက်ကိုရီးယားသို့ ပြန်ခဲ့ကြသော်လည်း သူတို့ထဲမှ တစ်ယောက်ကို ဆိပ်ကမ်းတွင် ရဲကဖမ်းလိုက်ပြီးနောက် နောက်နှစ်ယောက်သည် သင်္ဘောဖြင့် တောင်ဘက်သို့ ပြန်ပြေးခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

“သူတို့ ပြောင်းလာရခြင်း ရည်ရွယ်ချက်ကို ကျွန်တော်တို့ မယုံကြည်တဲ့အတွက် ရာဇဝတ်မှုကျူးလွန်ထားသူတွေကို လက်မခံဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု တောင်ကိုရီးယားဘက်မှ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက BBC ကို ပြောကြားခဲ့သည်။

အသက် ၂၀ ကျော်အရွယ်များ ဖြစ်ကြသော အမျိုးသားနှစ်ဦးကို တောင် မြောက် နယ်စပ် စစ်မဲ့ဇုန် ပန်မွန်းဂျွန်းအနီးတွင် မြောက်ကိုရီးယားဘက်သို့ လွှဲပြောင်းပေးလိုက်သည်။

F-02