News

POST TYPE

POPULAR POST

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ခွဲထွက်ရေးသူပုန်များ၏ တိုက်ခိုက်မှုကြောင့် ကျေးရွာလုံခြုံရေးတာဝန်ရှိသူ ၁၅ ဦးခန့်သေဆုံး
07-Nov-2019


ဘန်ကောက်၊ နိုဝင်ဘာ ၆ 

ထိုင်းတောင်ပိုင်းဒေသမှ မွတ်စလင်အမြောက်အမြားနေထိုင်ရာနယ်မြေတွင် ပုန်ကန်သောင်းကျန်းသည့်အုပ်စုများ၏ သတ်ဖြတ်မှုကြောင့် ကျေးရွာကာကွယ်ရေး တာဝန်ရှိသူ စေတနာ့အမှုထမ်း ၁၅ ဦး သေဆုံးသွားပြီး လေးဦးဒဏ်ရာရရှိသွားကြောင်း အာဏာပိုင်များက ပြောကြားသွားသည်။ 

ယမန်နေ့ညက ထိုင်းတောင်ပိုင်း ယာလာပြည်နယ်ရှိ လုံခြုံရေးစစ်ဆေးရေး ဂိတ်တစ်ခုကို တောင်ပိုင်းဒေသခွဲထွက်ရေး လှုပ်ရှားနေသည့် မလေးအနွှယ် မွတ်စလင် သူပုန်များက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ 

အရေအတွက်မသိရသော သူပုန်များက ဖောက်ခွဲရေးပစ္စည်းများဖြင့် လုံခြုံရေးဂိတ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များဘက်က ရုတ်ချည်းတုံ့ပြန်မှုမပြုနိုင်အောင် လမ်းများပေါ်တွင် သံစူးများချခဲ့ကြသည်။ 

“ဒါဟာ ပုန်ကန်သောင်းကျန်းသူတွေရဲ့အလုပ်ပါပဲ။ လတ်တလောကာလ တွေထဲမှာတော့ အကြီးမားဆုံးတိုက်ခိုက်မှုပါပဲ”ဟု နယ်မြေလုံခြုံရေးနှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးပရာမို ပရွန်အင်က ပြောကြားသည်။ 

ဘန်ကောက်ပို့စ်သတင်းစာဖော်ပြချက်အရ လာရောက်တိုက်ခိုက်သွားသူ ဦးရေမှာ အနည်းဆုံး ၁၀ ဦးခန့်ရှိသည်။ ပုန်ကန်သောင်းကျန်းသူများသည် ရော်ဘာ စိုက်ခင်းကိုဖြတ်သန်းလာပြီး လုံခြုံရေးဂိတ်ကို ချဉ်းကပ်ခဲ့ခြင်းဖြစ်သည်။ 

တိုက်ခိုက်ခံရသည့် စစ်ဆေးရေးဂိတ် မှာ မူး-၅ ကျေးရွာမှ ဂိတ်ဖြစ်ပြီး ဂိတ်တွင် ကျေးရွာကာကွယ်ရေးအတွက် စေတနာအလျောက် လုပ်ဆောင်ပေးနေသူများ ရှိခဲ့သည်။ 

တိုက်ခိုက်ခံရစဉ် လူအများစုမှာ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းကြောင့် သေဆုံးခဲ့ကြခြင်းဖြစ်သည်။ သေဆုံးသွားသူများထဲတွင် ယခင်ကကျေးရွာ ရပ်မိရပ်ဖအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး၊ ကျန်းမာရေးအမှုထမ်းတစ်ဦး၊ ရဲအရာရှိတစ်ဦးတို့လည်း ပါဝင်သွားသည်။ 

ထိုင်းတောင်ပိုင်းရှိ ပတ္တာနီ၊ နာရာသီဝတ်နှင့် ရာလာတို့တွင် မလေးမွတ်စလင်ခွဲထွက်ရေးသူပုန်များ ထကြွသောင်းကျန်းခဲ့သည်မှာ ၂၀၀၄ ခုနှစ် ကတည်းက ဖြစ်ပြီး ၎င်းတို့နှင့် အစိုးရလုံခြုံရေးအာဏာပိုင်များအကြား ဖြစ်ပွားသော စစ်မက်ပဋိပက္ခကြောင့် သေဆုံးသူ ၇၀၀၀ ကျော်ရှိသွားပြီဖြစ်သည်။ 

အစိုးရနှင့်ဆိုင်သော အမှတ်အသားများနှင့် အစိုးရအမှုထမ်းများသည် သူပုန်များ၏ ပစ်မှတ်များဖြစ်သည်။ 

ယာလာ၊ ပတ္တာနီနှင့် နာရာသီဝတ်တို့သည် ၁၉၀၉ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင်များကြီးစိုးသည့် ထိုင်းနိုင်ငံက သိမ်းပိုက်ရယူမှုမပြုမီ မလေးမွတ်ဆလင်ဆူလတန်တို့၏ ပိုင်နက်ဖြစ်ခဲ့သည်။

F-01