News

POST TYPE

POPULAR POST

ထိုင်းနိုင်ငံဘက်မှ စီးပွားရေးလုပ်ငန်းများ မြန်မာဘက်သို့ရွှေ့ပြောင်းရန် လာဆွေးနွေးဟုဆို
07-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၇

ထိုင်းနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများက် လုပ်ခလစာများသည့်အတွက် မြန်မာနိုင်ငံဘက်သို့ ရွှေ့ပြောင်းလုပ်ကိုင်ရန် လာရောက်ဆွေးနွေးမှုများရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

“ထိုင်းနိုင်ငံအတွင်းက လုပ်ငန်းတွေရဲ့ လုပ်ခလစာကြောင့် မြန်မာနိုင်ငံဘက်ကို ရွှေ့မယ်ဆိုပြီး ဆွေးနွေးနေတာတွေရှိပါတယ်။ ဒီလိုပဲ တဖြည်းဖြည်းဝင်လာတာရှိပါတယ်။ ထင်ရှားတဲ့ ဥပမာကတော့ Amata ပါ။ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုအပိုင်းရလာပြီဆိုတာနဲ့ သူ့ရဲ့လုပ်ငန်းတွေပါခေါ်လာမှာ။ ထိုင်းမှာ လုပ်ခလစာများလို့ ရွှေ့ချင်တယ်ဆိုတဲ့လုပ်ငန်းမျိုးတွေလည်း ပါလာမှာပါ” ဟု ၎င်းက ပြောဆိုသည်။

ရွှေ့ပြောင်းလုပ်ကိုင်ရန် လာရောက်ဆွေးနွေးသည့်လုပ်ငန်းများတွင် LED စက်ရုံ၊ မော်တော်ကားအပိုပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း၊ မော်တော်ကားအလှပြင်ဆင်သည့် လုပ်ငန်းများပါဝင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အိမ်ရှင်နိုင်ငံအဖြစ် နိုဝင်ဘာလ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ လက်ခံကျင်းပသည့် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဆွေးနွေးပွဲ (ASEAN Business and Investment Summit-ABIS) ကို မြန်မာနိုင်ငံမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

“နိုင်ငံတော်အတိုင်ပင်ခံက ဒီဆွေးနွေးပွဲမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးသိနိုင်အောင် ဆွေးနွေးပြောကြားခဲ့တယ်။ ကျွန်တော်တို့အမြင်ပြောရရင် ထိုင်းရင်းနှီးမြှုပ်နှံမှုကို ရည်ရွယ်တယ်လို့ သုံးသပ်တယ်။ ထိုင်းရဲ့ရင်းနှီးမြှုပ်နှံမှုကလည်း မြန်မာနိုင်ငံမှာ တိုးလာပါတယ်။ အတိုင်ပင်ခံသွားထားတဲ့ ခရီးစဉ်ကတော့ ထိုင်းရင်းနှီးမြှုပ်နှံမှုတွေ ကျွန်တော်တို့ဆီကို ဝင်လာနိုင်ဖို့ရည်ရွယ်တာ ဖြစ်ပါတယ်” ဟု ဦးသန့်စင်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံဘက်သို့ ရွှေ့ပြောင်းလုပ်ကိုင်မည့်လုပ်ငန်းများ၏ စာရင်းအတိအကျကိုတော့ မသိရှိရသေးဘဲ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုသည် အဆင့်သုံးနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏသည် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃ ဘီလီယံရှိကြောင်း ယင်းဌာနထံမှ သိရသည်။

J-11