News

POST TYPE

POPULAR POST

ကရင်နီလူငယ်ခြောက်ဦးကို ထောင်ဒဏ် ၆ လစီအမိန့်ချ
07-Nov-2019


တောင်ငူ၊ နိုဝင်ဘာ ၇

ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးတစ်ဦးကို ကရင်နီအမျိုးသားသစ္စာဖောက်အဖြစ်ကြေညာသော ကရင်နီလူငယ်ခြောက်ဦးကို နိုင်/လွတ်/လုံ ဥပဒေဖြင့် ထောင်ဒဏ် ၆ လစီကျခံရန် လွိုင်ကော်မြို့နယ်တရားရုံးက နိုဝင်ဘာ ၇ ရက်တွင် အမိန့်ချခဲ့သည်။

ယင်းသို့ကြေညာ၍ လွိုင်ကော်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး လေးလကျော်ကြာချိန် ၁၈ ကြိမ်မြောက်ရုံးချိန်းတွင် ယင်းသို့ အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း ကူညီဝန်းရံပေးနေသူ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့မှ ခွန်ဘားနဒ်ပုတ်က ပြောကြားသည်။ 

ထောင်ဒဏ်ခြောက်လအမိန့်ချရာတွင် ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ရရှိသောကြောင့် ထောင်ဒဏ်တစ်လကျော်သာ ကျခံရမည်ဖြစ်ပြီး လတ်တလောတွင် အယူခံတင်ရန်မရှိသေးကြောင်း ၎င်းက ရှင်းပြသည်။

ထောင်ဒဏ်ချမှတ်ခံရသူ ကရင်နီလူငယ်ခြောက်ဦးမှာ ခွန်ကြူးဖဲကေး၊ ခွန်မျိုးလှိုင်ဝင်း၊ ခူရီးဒူးရယ်၊ ခွန်သောမတ်စ်၊ ပျားလေးနှင့် ဒီးဒီးတို့ဖြစ်ပြီး ၎င်းတို့ကို ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက နိုင်/လွတ်/လုံ ဥပဒေပုဒ်မ ၁၀ ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။

ထောင်ဒဏ်ချမှတ်ခံရသူ ဒီးဒီးက “အမျိုးသားတန်းတူရေးနဲ့ ငြိမ်းချမ်းရေးဆိုတဲ့စကားနဲ့ ကြွေးကြော်ပြီးတက်လာတဲ့အစိုးရက တိုင်းရင်းသားသမိုင်းနဲ့ အခွင့်ရေးတောင်းဆိုသူတွေကို ထောင်ချတာ အင်မတန်ရုပ်ဆိုးတဲ့အချက်ပါ” ဟု ပြောကြားသည်။

ထို့ပြင် ၎င်းတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရပိုင်ခွင့်ရှိသည့် နိုင်ငံသားအခွင့်အရေးချိုးဖောက်ခံရသည်ဟုယူဆပြီး အမျိုးသားတန်းတူရေးဆိုကာ တိုင်းရင်းသားကိုဖိနှိပ်ခြင်းသည် နိုင်ငံရေးရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ၎င်းက ဝေဖန်သည်။

လွိုင်ကော်မြို့ ကန္ဒဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်ထားရန် ပြည်နယ်အစိုးရစီစဉ်ချိန်မှစ၍ ကရင်နီလူငယ်များက ကန့်ကွက်ခဲ့သည့်အပြင် ကြေးရုပ်ထားရှိချိန်တွင်လည်း ၎င်းတို့က ဆက်တိုက်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ 

ကရင်နီလူငယ်များက ဗိုလ်ချုပ်ကြေးရုပ်ထားရှိခြင်းအစား ဗိုလ်ချုပ်၏ အမျိုးသားတန်းတူရေးကတိကဝတ်၊ ဗိုလ်ချုပ်၏ လုပ်ရက်၊ စိတ်ဓာတ်မျိုးကိုသာ အလိုရှိကြောင်း၊ ဗိုလ်ချုပ်ကို မလိုလား၍ ကန့်ကွက်ခြင်းမဟုတ်ကြောင်း ပြောဆိုသည်။ 

ကြေးရုပ်ကိစ္စ ကန့်ကွက်ရာမှစသော ပြည်နယ်အစိုးရနှင့် ကရင်နီလူထုကြားတင်းမာမှုများသည် တဖြည်းဖြည်းပိုမိုဆိုးရွားလာခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးတစ်ဦးကို ကရင်နီအမျိုးသားသစ္စာဖောက်အဖြစ် ကြေညာသည်အထိ ဖြစ်ခဲ့ခြင်းဖြစ်သည်။ 

ယင်းသို့ မဖြစ်ပွားမီကလည်း ဗိုလ်ချုပ်ကြေးရုပ်ထားရှိရန်စီစဉ်မှု၊ ထားရှိမှုကို အကြိမ်ကြိမ်ကန့်ကွက်ဆန္ဒပြသောကြောင့် ဆန္ဒပြသူ ကရင်နီလူငယ်ခေါင်းဆောင်များကို ပြည်နယ်အစိုးရအဖွဲ့က နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့ဖြင့် တရားစွဲခဲ့သေးသည်။ 

သို့သော် နောက်ပိုင်းတွင် ယင်းတရားစွဲဆိုမှုများကို ပြည်နယ်အစိုးရအဖွဲ့က ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။ ထို့နောက်တွင် နိုင်/လွတ်/လုံ ပုဒ်မဖြင့် ထပ်မံတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

R-15

ဓာတ်ပုံ - PKPF