News

POST TYPE

POPULAR POST

တရုတ်က NRPC သို့ ဒေါ်လာလေးသိန်း လှူဒါန်း
07-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၆

နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သို့ အမေရိကန်ဒေါ်လာလေးသိန်း တရုတ်နိုင်ငံက လှူဒါန်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

တရုတ်နိုင်ငံမှ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်းနှင့် အဖွဲ့သည် NRPC ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် နေပြည်တော်တွင် နိုဝင်ဘာလ ၆ ရက်က တွေ့ဆုံခဲ့ပြီး ယင်းသို့ တွေ့ဆုံစဉ် ဒေါ်လာလေးသိန်း လှူဒါန်းခဲ့ခြင်းဖြစ်သည်။ 

တရုတ်နိုင်ငံအနေနှင့် ယင်းသို့ လှူဒါန်းမှုသည် စတုတ္ထအကြိမ်မြောက် ကူညီထောက်ပံ့လှူဒါန်းခြင်းဖြစ်ပြီး နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို မူတည်ကာ မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်တွင် အစဉ်တစိုက် တတ်နိုင်သမျှ ကူညီပေးခြင်းဖြစ်ကြောင်း တရုတ်အာရှရေးရာ အထူးသံတမန် မစ္စတာဆွန်းကော်ရှန်းက ဆိုသည်။ 

“မြန်မာနိုင်ငံကို ငွေကြေးကူညီတဲ့ ပမာဏ မကြီးမားလှပေမယ့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်အစိုးရဘက်က ပြတ်ပြတ်သားသား ပေါ်လစီချမှတ်ပြီး ကူညီသွားပါမယ်၊ ရေရှည် အနာဂတ်မှာပါ နည်းအမျိုးမျိုးနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် ကူညီထောက်ပံ့ပေးသွားပါမယ်၊ မြန်မာမိတ်ဆွေများဘက်က လိုအပ်ချက်တွေ ရှိခဲ့ရင်ပြောပါ၊ မြန်နိုင်သလောက် အမြန်ဆုံး ကူညီပေးပါမယ်လို့ တရုတ်နိုင်ငံ ဗဟိုအစိုးရကိုယ်စား ကျွန်တော်ပြောချင်ပါတယ်၊ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် ယုံကြည်နိုင်တဲ့ အားကိုးနိုင်တဲ့ မိတ်ဆွေတစ်ဦး ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံအနေနှင့် ပြီးခဲ့သည့် ၂၀၁၈ နိုဝင်ဘာလအတွင်းကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ငြိမ်းချမ်းရေး ကော်မရှင်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တို့ထံ ဌာနတစ်ခုကို ဒေါ်လာသုံးသိန်းစီ လှူဒါန်းခဲ့သည်။

ထို့ပြင် အပစ်ရပ်စောင့်ကြည့်ရေး လုပ်ငန်းများတွင် အသုံးပြုရန်လည်း တရုတ်အစိုးရက မော်တော်ယာဉ်များကိုလည်း JMC ထံ လှူဒါန်းမှုများ ပြုလုပ်ထားခဲ့သေးသည်။

J-08