News

POST TYPE

POPULAR POST

Water Bus အရှုံးပေါ်သောကြောင့် ရပ်နားခြင်းမဟုတ်ဟု YRTA ဆို
07-Nov-2019


ရန်ကုန်၊ နိုဝင်ဘာ ၆

Yangon Water Bus ခရီးသည် ပို့ဆောင်မှုလုပ်ငန်း အရှုံးပေါ်သောကြောင့် ရပ်နားထားခြင်းမဟုတ်ဘဲ သင်္ဘောနှင့် ဆိပ်ကမ်း အဆင့်မြှင့်တင်နေသည့်အတွက် ပြေးဆွဲမှုရပ်နားထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။ 

Yangon Water Bus လုပ်ငန်း အရှုံးပေါ်နေကြောင်း YRTA ထံ တင်ပြထားခြင်းမျိုးမရှိကြောင်း ၎င်းက နိုဝင်ဘာ ၆ ရက်နေ့က YRTA ရုံးချုပ်အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အရှုံးပေါ်လို့ ရပ်တယ်ဆိုပြီး ကျွန်တော်တို့ကို တင်ပြထားတာ မရှိပါဘူး။ သိသလောက်ကတော့ သင်္ဘောတွေနဲ့ ပတ်သက်ပြီး မြှင့်တင်ဖို့ ဆိပ်ကမ်းတွေကို အဆင့်မြှင့်တင်နေလို့ ရပ်ဆိုင်းထားတယ် ပြောပါတယ်။ ဒါနဲ့ ပတ်သက်ပြီး YRTA မှာ သီးခြားတာဝန်ပေးထားတဲ့အဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့နဲ့ ဆက်သွယ်ပြီး မေးမြန်းမှ သိရမယ်” ဟု ဦးလှအောင်က ဆိုသည်။

YRTA အနေနှင့် Yangon Water Bus မှ တာဝန်ရှိသူများက တင်ပြလာပါက အဆင်ယြေပအောင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး Water Bus ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ကုမ္ပဏီမှ ညှိနှိုင်းပြီးမှ တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း YRTA ထံမှ သိရသည်။

Yangon Water Bus ပြေးဆွဲသည့် လုပ်ငန်းကို စက်တင်ဘာလ ၂၇ ရက်က ယာယီရပ်နားခဲ့ကာ နိုဝင်ဘာတွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ပြီး ပြန်လည် ပြေးဆွဲသည့်အခါ Payment စနစ် အသစ်ဖြင့် စီးနင်းနိုင်မည်ဖြစ်ကြောင်း Yangon Water Bus ထံမှ သိရသည်။

Yangon Water Bus ပြေးဆွဲမှုကို (၂၀၁၇) ခုနှစ် အောက်တိုဘာလ အတွင်း မှစတင်ကာ ရန်ကုန်မြစ်ရှိ ဆိပ်ကမ်းများသို့ ပြေးဆွဲပေးခဲ့တာဖြစ်ပြီး ခရီးစဉ်လမ်းကြောင်း များအနေနှင့် ဗိုလ်တထောင်ဆိပ်ကမ်း၊ နန်းသီတာ၊ လမ်းသစ်ဆိပ်ကမ်း၊ လှိုင်ဘူတာအိုလမ်း၊ အင်းစိန်ဆိပ်ကမ်း အစရှိသည့် ဆိပ်ကမ်းများတွင် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ရုံးပိတ်ရက်များတွင် ခရီးသည် လျော့နည်းလာခြင်းကြောင့် ရုံးပိတ်ရက်များနှင့် အခါကြီးရက်များတွင် အထူးအစီအစဉ်အနေနှင့် ရေလယ်ကျောက်တန်း၊ တွံတေးနှင့် ရန်ကုန်မြစ်အတွင်း Sunset Cruise ခရီးစဉ်များအား ပြေးဆွဲပေးနေကြောင်း သိရသည်။

J-10