News

POST TYPE

POPULAR POST

ကျပ် ၂၈ ဘီလီယံရင်းနှီးမြှုပ်နှံထားသည့် CB အသက်အာမခံလုပ်ငန်း ယခုလအတွင်း စဖွင့်မည်
06-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၆

မြန်မာ-ထိုင်း ဖက်စပ်ရင်းနှီးမြှုပ်နှံထားသည့် CB အသက်အာမခံလုပ်ငန်းကို အာမခံလုပ်ငန်းအမျိုးအစား ၁၄ ခုဖြင့် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း CB အသက်အာမခံလုပ်ငန်းမှ မန်နေးဂျင်းဒါရိုက်တာ ဦးသောင်းဟန်က ပြောကြားသည်။

အဆိုပါအသက်အာမခံလုပ်ငန်းသည် ယခင် CB အာမခံလုပ်ငန်းက အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ဖက်စပ်အသက်အာမခံလုပ်ငန်းဖြစ်ကြောင်း အဆိုပါလုပ်ငန်းထံမှ သိရသည်။

“လုပ်ငန်းပိုင်းနဲ့ပတ်သက်တာတွေ အကုန်ပြီးစီးနေပြီ။ အစိုးရခွင့်ပြုချက်ရတာနဲ့ ဒီ ၁၀ ရက်အတွင်း ဖွင့်သွားမယ်။ ထိုင်းနဲ့ ရှယ်ယာအနေနဲ့ ထိုင်းဘက်က ၃၅ ရာခိုင်နှုန်းနဲ့ CB ဘက်က ၆၅ ရာခိုင်နှုန်း အချိုးအစား ပိုင်ဆိုင်ပါတယ်” ဟု CB အသက်အာမခံလုပ်ငန်းမှ မန်နေးဂျင်းဒါရိုက်တာ ဦးသောင်းဟန်က ဆက်လက်ပြောကြားသည်။

ယင်းလုပ်ငန်းသည် မြန်မာနိုင်ငံ၏ ၂၀ ရာခိုင်နှုန်းခန့် ဈေးကွက်ရရှိရန်ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြေခံ အသက်အာမခံအမျိုးအစား ၃ ခုဖြစ်သည့် အကာအကွယ်၊ စုဆောင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းစသည့် ကဏ္ဍများတွင် ထုတ်ကုန်ပေါင်း ၁၄ မျိုးခွဲခြားကာ အာမခံလျှောက်ထားခွင့်ပြုသွားမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းထံမှ သိရသည်။

မြန်မာနိုင်ငံ၏ အသက်အာမခံလုပ်ငန်းများတွင် ဝယ်ယူမှုအများဆုံးအမျိုးအစားမှာ အဖွဲ့အလိုက် စုပေါင်းအသက်အာမခံ၊ ငွေစုဆောင်းမှုနှင့်ဆက်နွှယ်သည့် အသက်အာမခံစသည်တို့ပါဝင်ကြောင်း CB အာမခံထံမှ သိရသည်။

CB အာမခံ၏ နှစ်စဉ်ဝင်ငွေသည် ကျပ် ၁ ဒသမ ၅ ဘီလီယံရှိပြီး လျော်ကြေးငွေသည် တစ်လလျှင် ကျပ်သိန်း ၇၀၀၀ ခန့်အထိ ရှိကြောင်း အဆိုပါလုပ်ငန်းထံမှ သိရသည်။

မြန်မာ့အာမခံလုပ်ငန်းသည် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံရှိပုဂ္ဂလိကအာမခံ ၁၂ ခုကို စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ပြည်တွင်း ပြည်ပဖက်စပ်အာမခံလုပ်ငန်းများနှင့် ၁၀၀ ရာခိုင်နှုန်းပြည့် နိုင်ငံခြား အသက်အာခံလုပ်ငန်းများကို စတင်ဖွင့်လှစ်ခွင့်ပြုခဲ့ကာ လက်ရှိတွင် ဖက်စက်အထွေထွေအာမခံ ၃ ခု၊ ဖက်စပ် အသက်အာမခံ ၃ ခုနှင့် ရာနှုန်းပြည့် နိုင်ငံခြားသားအာမခံ လုပ်ငန်း ၅ ခုကို လုပ်ကိုင်ခွင့်ပြုထားကြောင်း မြန်မာ့အာမခံလုပ်ငန်းထံမှ သိရသည်။

ပြည့်ဖြိုးမြင့်မွန်