News

POST TYPE

POPULAR POST

YBS-YUPT အကျိုးအမြတ်မပေးသည့်ကိစ္စ YRTA ဖြေရှင်းပေးမည်
06-Nov-2019
ရန်ကုန်၊နိုဝင်ဘာ ၆

YBS ဘတ်စ်ကားများ ပြေးဆွဲနေသည့် YUPT ကုမ္ပဏီရှယ်ယာရှင်များ ရုန်းရင်းဆန်းခတ်ဖြစ်သည့် ကိစ္စနှင့်ပတ်သက်ပြီး ရှယ်ယာရှင်များ၏ ဆန္ဒအရ တင်ပြတောင်းဆိုချက်များကို သုံးသပ်ပြီး ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ တွဲဖက် အတွင်းရေးမှူးဦးလှအောင်က ပြောသည်။ 

အောက်တိုဘာလ ၃၀ ရက်က ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သည့် YUPT ကုမ္ပဏီ၏ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးနှင့်ဒုတိယအကြိမ်မြောက် ဒါရိုက်တာရွေးချယ်ပွဲတွင် အစုရှယ်ယာဝင်များအနေဖြင့် ၃ နှစ် အတွင်းရရှိခဲ့သည့် အကျိုးအမြတ်များကို ခွဲဝေပေးရန်တောင်းဆိုခဲ့သည့် အပြင် YUPT ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်ထွန်း နုတ်ထွက်ပေးရန် တောင်းဆိုရာမှ အချေအတင် ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်ခဲ့သည့်အပေါ် ဦးလှအောင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ YUPT ကုမ္ပဏီမှာပါဝင်တဲ့ ရှယ်ယာရှင်တို့ရဲ့ဆန္ဒအမှန်ကို မေးနေပါတယ်။ သူတို့ဆန္ဒအမှန်တင်ပြလာတဲ့အပေါ်မှာ ကျွန်တော်တို့ ဖြေရှင်းဆောင်ရွက်ပေးမယ်။ ရှင်းပြပေးမယ်။ သူတို့တင်ပြလာရင် တင်ပြတဲ့အတိုင်းကို လုပ်ဆောင်ပေးမယ်။ ဘာလို့လည်းဆိုတော့ ရှယ်ယာရှင်တွေက အများကြီး၊ သူတို့ လွတ်လပ်စွာ ဆွေးနွေးကြ တင်ပြလာမှုအပေါ်မှာကိုပဲ အမြန်ဆုံးဆောင်ရွက်ပေးမယ်”ဟု ဦးလှအောင်က ဆိုသည်။

YUPT ကုမ္ပဏီကို ၂၀၁၇ ခုနှစ်ဆန်း ပိုင်းမှစတင်ကာ ရှယ်ယာရှင် ၂၈၉ ဦးဖြင့် ဖွဲ့စည်းကာ ရှယ်ယာတစ်စုလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ရောင်းချထားခြင်းဖြစ်ပြီး ကုမ္ပဏီစည်းမျဉ်း တွင်ပါဝင်သည့် ၃ လ တစ်ကြိမ် အကျိုးအမြတ်ခွဲဝေပေးမည်ဆိုထားသော်လည်း လွန်ခဲ့သည့်သုံးနှစ်ဝန်းကျင်မှစတင်ကာ ကုမ္ပဏီအရှုံးပေါ်သည့်အတွက် အမြတ်ဝေစုများ ထုတ်ပေးခြင်းမရှိတော့ကြောင်း အစုရှယ်ယာထည့် သွင်းထားသူများထံမှ သိရသည်။

“သူတို့ဖြစ်စဉ်နဲ့ပတ်သက်ပြီး တစ်ဦးနဲ့တစ်ဦးရှင်းပြဖို့ကလိုတယ်လို့ ကျွန်တော်အနေနဲ့သုံးသပ်မိတယ်။ သူတို့ ဆန္ဒအမှန်ကို ကောက်ယူလိုက်ပြီ သူတို့ တင်ပြလာတဲ့အပေါ်မှာ ကျွန်တော်တို့ရှင်းပြမယ်။ အကျိုးမရလို့ ရှယ်ယာရှင်တွေက နှုတ်ထွက်မယ်ဆိုတာက မဖြစ်နိုင်သေးတဲ့ ကိစ္စရပ်ကို မီးမောင်းထိုး လိုက်ရင် ဟိုဘက်ရှယ်ယာရှင်တွေက တုန့်ပြန်မှု ဖြစ်လာနိုင်တယ်။ ဒီမေးခွန်းလေးကတော့ ကျွန်တော် မဖြေပါရစေနဲ့” ဟု ဦးလှအောင်က ဆိုသည်။

YUPT ကုမ္ပဏီတွင် ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှာ နာယကဖြစ်ပြီး ဒါရိုက်တာအဖွဲ့ဝင် ၉ ဦးရှိ၍ အစုရှယ်ယာ ရှင်ပေါင်း ၂၈၉ ဦး၏ ထည့်ဝင်ရင်းနှီးမြှုပ်နှံငွေပေါင်း ကျပ် ၅ဒသမ၆၃၄၄ ဘီလီယံနှင့်ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ရင်းနှီးမြှုပ်နှံငွေ ၃၅ ဘီလီယံ၊ ကုမ္ပဏီ၏ Capital Investment မှာ ၄၀ ဒသမ ၆၃၄၄ ဘီလီယံရှိပြီး YBS ယာဉ် လိုင်း ပေါင်း ၁၉ လိုင်း၊ လမ်းကြောင်း ၃၃ ကြောင်းဖြင့် ကုမ္ပဏီပိုင် ယာဉ် ၈၄၀ စီးနှင့် ပုဂ္ဂလိကတစ်ဦးချင်း ပိုင်ယာဉ် ၄၇၂ စီး၊ စုစုပေါင်း ၁၃၁၂ စီးတို့ဖြင့် ပြေးဆွဲလျက်ရှိကြောင်း YUPT ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ မီဒီယာများနှင့်တွေ့ဆုံပြီး ပြည်သူများထံသို့ အသိပေးရှင်းလင်းပြောကြားခြင်းကို နိုဝင်ဘာ ၆ ရက်နေ့တွင် တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်း၊ မာန်အောင်ရပ်ကွက် အမှတ် (၆၅) ရှိ YRTA ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

J-10