News

POST TYPE

POPULAR POST

အင်းစိန်ထောင် ငှားရမ်းမှုကြီး
03-Nov-2019


အင်းစိန်ထောင်ကို စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်က ငှားရမ်းဖို့ ကြိုးစားနေသည့် သတင်းကို ကြားသောအခါ ကျွန်တော်မယုံ။ ဒါနဲ့ မိတ်ဆွေသတင်းထောက်များကို မေးကြည့်တော့ သူတို့လည်း ကြားသတဲ့။ ဒါပေမဲ့ ထောင်တစ်ခုလုံးကိုတော့မဟုတ်။ အင်းစိန်ထောင်၏ အဆောင်တစ်ခုကို ငှားမလို့တဲ့။ ယုံကြည်ရသည့် သတင်းရင်းမြစ်များကို မေးကြည့်တော့လည်း သူတို့က မငြင်းပေ။ ထောင်ကြီးကို ဘာလုပ်ဖို့တုံး၊ ဈေးဆိုင်ဖွင့်ဖို့လား၊ ဂိုဒေါင်လုပ်ဖို့လား၊ လူမိုက်ဆန်ဆန် ကိုယ်ပိုင်ထောင်ဖွင့်ထားမလို့လား စသည်ဖြင့် အတွေးပွားသွားသည်။

“မင်းရော ဘယ်လိုထင်လဲကွ။ ဖြစ်နိုင်ပါ့မလား”ဟု ကျွန်တော့်သူငယ်ချင်း ကျော်စိုးကို မေးလိုက်သည်။

စောစောက သတင်းကိုလည်း ပြောပြထား၏။

“အင်း... စဉ်းစားစရာပဲကွ” ဟု ကျော်စိုးက ပြောကာ အရက်ခွက်ကို ကောက်သောက်လိုက်သည်။ ပြီးတော့ ဆေးလိပ်လေးဖွာကာ တာမွေခုံးကျော်တံတားကြီးကို ကြည့်နေသည်။

“ငါကတော့ မယုံပါဘူးကွာ။ သတင်းထောက်တွေကြားထဲမှာ လူပြောများလွန်းလို့သာ စိတ်ဝင်စားနေမိတာ” ဟု ကျွန်တော်လည်း ပြန်ပြောလိုက်သည်။

ထိုအခါ ကျော်စိုးက ကျွန်တော့်ကို ပြုံးစစဖြင့် ကြည့်ပြီး

“ဟေ့ရောင် ဆိုးပေ...။ မင်းက မယုံဘူးပေါ့”

“အေးပေါ့ကွ။ ဘာယုံစရာရှိလဲ။ မင်းပဲစဉ်းစားကြည့်လေ။ ထောင်ကြီးကို ဘာလုပ်မလို့တုံး”

“စီးပွားရေးတစ်ခုခု လုပ်မလို့ဖြစ်မှာပေါ့”

“ဟ... ထောင်ထဲမှာ ဘာစီးပွားရေးလုပ်မတုံး။ အကျဉ်းသားတွေကို လက်မှုပစ္စည်းတွေ လုပ်ခိုင်းမလို့လား”

“အဲ့လောက်နဲ့တော့ ဘယ်ငှားမလဲကွာ...။ အဲ့ထက်ကြီးတာဖြစ်မှာပေါ့”

“ဒါဆို ထောင်ထဲမှာ ကားရှိုးရွန်းဖွင့်မလို့လား။ ဘယ်သူက ထောင်ထဲမှာတော့ လာဝယ်မလဲကွာ”

ကျွန်တော်ကြားထားသောသတင်းအရ ထောင်ကိုငှားမည့်သူသည် ကားလုပ်ငန်းများလည်း လုပ်သည်ဟု ကြားထား၏။

ကျော်စိုးကတော့ ပြုံးကြည့်နေသည်။

ကျွန်တော်ကပင် ဆက်လက်၍

“သူက ဘဏ်တွေကို မယုံလို့ အတွင်းပစ္စည်းတွေ လုံခြုံအောင် ထောင်ထဲမှာထားမလို့လား”

ကျော်စိုးကတော့ ပြုံးနေဆဲပင်...။

ပြီးတော့ ကျော်စိုးက အရက်ငှဲ့ရင်း ကျွန်တော့် ကို ပြုံးမဲ့မဲ့ဖြင့် ကြည့်ပြန်၏။ သူ့အပြုံးကတော့ မင်းတော်တော်ပိန်းပါလားဆိုသည့် အကြည့်မျိုး။

“ဒီမှာ ဆိုးပေရ...။ မင်း ဘယ်သူ့မှ ပြန်မပြောဘူးလို့တော့ ကတိပေး။ ငါ မင်းကို အဲ့ထောင်ကိုငှားတဲ့အကြောင်းပြောပြမယ်...”

“ဟင်...မင်းတောင် ငါပြောလို့ သိတာကိုများ...။ မင်းက ငါ့ကို ဘာပြောပြမှာတုံး”

“ဟုတ်ဘူးကွ...။ တကယ်တော့ အဲ့စီးပွားရေး သမားကို အကြံပေးခဲ့တာ ငါပဲ။ အဲ့ဘဲနဲ့ ငါက တစ်နယ်တည်းသားတွေဆိုတာ မင်းသိပါတယ်”

“ဘာ... အင်းစိန်ထောင်ကြီးကို ငှားဖို့အကြံ မင်းပေးခဲ့တာပေါ့။ ဟုတ်လား” ကျော်စိုး မူးနေပြီထင်၏။

“အေးပေါ့ကွ...။ အဲ့အကြံ ငါ့အကြံပေါ့...။ မင်းသာ နှုတ်လုံပစေ...။ မင်းလည်း အလုပ်မရှိဘူးမဟုတ် လား။ မင်းအတွက် အလုပ်တစ်နေရာတော့ ရစေရမယ်”

“ဟုတ်လား...။ လုပ်စမ်းပါဦးကွ...။ မင်းက ဘာလို့ အဲ့အကြံကို ပေးခဲ့တာတုံး။ ထောင်ကြီးငှားပြီး ဘာ လုပ်မလို့တုံး” ဟု ကျွန်တော်က မေးလိုက်သောအခါ ကျော်စိုးလည်း ဘေးဘီကိုကြည့်ရင်း...။

“ဒီနားက စိတ်မချရဘူးကွ။ သတင်းထောက် ပေါက်စတွေလည်း လာထိုင်တတ်တယ်။ ဈေးကွေ့က ဆိုင်ကို ပြောင်းမယ်”

“ဟာ... ငါ့မှာ ပိုက်ဆံမပါတော့ဘူးကွ...”

“စိတ်မပူပါနဲ့ကွာ...။ ငါ့မှာ ပါပါတယ်။ မလောက်လည်း မင်းအိမ်နဲ့ နီးတာပဲ။ အဲ့မှာ ဝင်ယူတာပေါ့”

“အိမ်မှာလည်း ပိုက်ဆံမရှိဘူးကွ...”

“ဒါဆိုလည်း စိတ်မပူပါနဲ့ကွာ...။ ထောင်ငှားမယ် ဆိုတဲ့ ငါ့ဘောစိက အဲ့နားတင်နေတာပဲ”

သို့နှင့် ကျွန်တော်နှင့် ကျော်စိုးလည်း ဆိုင်ရွှေ့ကြသည်။

ဟုတ်တော့လည်း ဟုတ်သည်။ ကျွန်တော်တို့ ထိုင်နေသည့် တာမွေအဝိုင်းထိပ်ဆိုင်က သတင်းထောက်တွေ လာထိုင်တတ်သည်။ အဲ့တော့ အရေးကြီးစကားတွေ သိပ်ပြောလို့မဖြစ်။ သတင်းထဲပါလာလျှင် ခက်ကုန်မည်။

ဟိုးအရင်ကလည်း ကျော်စိုး ဒေါက်တာဘွဲ့တွေ အတုပေးသောကျောင်းထောင်သည့်အကြောင်းကို မူးပြီး ပြောမိလို့ ဂျာနယ်ထဲပါလာကာ လုပ်ငန်းကြီး ပျက်ခဲ့ဖူးသည်။

တာမွေအဝိုင်းထိပ်က YBS ကားတက်စီးပြီး မကြာမီ ဈေးကွေ့ကို ရောက်သည်။ အဲ့တော့ ထိုင်နေကျ ပန်းခြံဘေးကဆိုင်တွင် ထိုင်ကြပြန်သည်။ ဒီမှာတော့ စိတ်ချရသည်။ အကုန်လုံးက အမူးသမားတွေချည်း။ ရမ်တစ်ပိုင်းထပ်မှာပြီး သောက်ကြသည်။ ကြက်ခွေးတောက်အရည်သောက်လေးနှင့်။

ပြန်ရေးရင်းပင် သွားရည်ကျမိသည်။

“လုပ်စမ်းပါဦးကွ... အင်းစိန်ထောင်ကို ငှားမယ့် အကြောင်းလေး” ကျွန်တော်က မေးလိုက်သည်။ ကျော်စိုးကတော့ ဖုန်းပွတ်နေ၏။

ဒီကောင် သူငယ်ချင်းတွေဆုံလျှင် ဖုန်းမပွတ်ရ ဘူးဆိုတာ နားမလည်ဘူးလားတော့မသိ။

“အေး... ပြောတာပေါ့။ ဒါနဲ့ ငါပြောတာ ဘယ်ရောက်သွားပြီလဲ...”

“ဘာမှကို မပြောရသေးတာ ဟရောင်...။ အူကြောင်ကြောင်လုပ်မနေနဲ့”

“ဪသာ်...။ ဒါဆိုလည်း ခဏကွာ။ မင်း ဒီ သတင်းလေး ဖတ်ကြည့်စမ်းပါဦးကွာ...။ ထူးဆန်း လွန်းလို့” ဟုဆိုကာ သူ့ဖုန်းကို ထိုးပေး၏။ အဲ့တော့ ကျွန်တော်ကလည်း မူးမူးနှင့် ဖတ်ရပြီပေါ့။

တကယ်တော့ ကျော်စိုးပြတာက သတင်းမဟုတ်။ ဘော်ဒါကျောင်းတစ်ခုကို ကြော်ငြာထားသည့် အကြောင်းသာဖြစ်သည်။ ထိုကျောင်းမှာ တက်သူသည် ဂုဏ်ထူးတွေ အများကြီးထွက်ကြောင်း၊ အောင်ချက် ၁၀၀ ရာခိုင်နှုန်းနီးနီးရှိကြောင်း၊ လူတိုင်းကို လက်မခံကြောင်း၊ ကျောင်းတွင် အိပ်ချိန်ပင်သိပ်မရှိကြောင်း၊ စာအလွန်ကျက်ရကြောင်း၊ ထမင်းစားရင်း၊ အိမ်သာတက်ရင်း၊ ရေချိုးရင်းပင် စာကျက်ရကြောင်း၊ ယောကျာ်းလေးနှင့် မိန်းကလေး စေ့စေ့ပင်မကြည့်ရ ကြောင်း၊ စာမရလျှင် ရိုက်ကြောင်း၊ ကစားကွင်းကိုလည်း မဆင်းရကြောင်း၊ တစ်နှစ်လုံးမှ တစ်ခါသာ အပြင်ထွက်ရကြောင်း၊ ဒါကြောင့် ဂုဏ်ထူးတွေ အများကြီး ထွက်တာဖြစ်ကြောင်း စသည်ဖြင့် ရေးထားတာကို တွေ့ရသည်။

“အေးလေ... အဲ့ဒါ ဘာဖြစ်တုံး။ ငါဖတ်ပြီးသား ကြီးပဲ။ ငါ့ညီမလေးကိုတောင် အဲ့ဘော်ဒါကို သွားထားမလား စိတ်ကူးနေတာ”

“အဲ့ဒါဆိုရင်တော့ မင်းညီမလေးကို အဲ့ဘော်ဒါ မထားနဲ့ ဟရောင်။ ငါတို့ဘော်ဒါမှာပဲထား”

“ဟင်...မင်းက ဘယ်တုန်းက ဘော်ဒါဖွင့်လို့တုံး”

“မကြာခင်ဖွင့်တော့မှာကွ...။ ငါကိုယ်တိုင်တော့ မဟုတ်ပါဘူး။ ငါ့ဘောစိဖွင့်မှာ...”

“ဘယ်မှာလဲ”

“အင်းစိန်ထောင်ထဲမှာလေ...”

“ဘာ... ဘယ်လို...”

ကျွန်တော် နားမလည်တော့။ မူးနေတာလည်း ဖြစ်နိုင်သည်။

“ဒီလိုကွ... ဆိုးပေရ...။ ငါ့ ဘောစိကို ထောင်ငှားဖို့ အကြံပေးတာ အဲ့အတွက်ပဲ”

“ဘာအဲ့အတွက်တုံး”

“ထောင်ထဲမှာ ဆယ်တန်းဘော်ဒါဖွင့်မလို့လေ...”

“ဟင့်...။ ထောင်နဲ့ ဘော်ဒါ ဘာဆိုင်လို့တုံး”

“ဆိုင်တာပေါ့ကွ...။ မင်းခုက ငါပြတဲ့သတင်း မဖတ်လိုက်ရဘူးလား”

“သတင်းမဟုတ်ပါဘူး။ ဘော်ဒါကြော်ငြာပဲဟာကို”

“အေးလေ...။ အဲ့ဒါကြောင့်ပေါ့ကွ...။ မင်းပဲ စဉ်းစားကြည့်လေ...။ အဲ့ဘော်ဒါက ဘာနဲ့တူတုံး။ ဘာမလုပ်ရ၊ ညာမလုပ်ရ၊ အပြင်မထွက်ရနဲ့။ ဘာနဲ့တူတုံး ....။ ထောင်နဲ့ မတူဘူးလား”

“အေး...ဟာ...။ အဲ့လိုတော့လည်း ဘယ်ဟုတ်မတုံး။ သူ့စည်းကမ်းနဲ့သူပေါ့....။ ဘော်ဒါမှာနေရင် ဘော်ဒါစည်းကမ်းပေါ့။ စည်းမရှိကမ်းမရှိဆို။ အဲ့ဘော်ဒါက ဘယ်အောင်တော့မတုံး။ အာ့ဆို မိဘတွေလည်း ဘယ်ထားတော့မလဲကွ...”

“အေးပေါ့ကွ...။ အဲဒါပဲပေါ့ကွ...။ ဒါကြောင့် ငါကလည်း ငါ့ဘောစိကို ထောင်ထဲမှာ ဘော်ဒါဖွင့်ဖို့ အကြံပေးရတာပဲ။ ဘာလို့လဲဆိုတော့ ငါတို့က အခုမှ အသစ်ဖွင့်မှာလေ။ သူတို့လို စည်းကမ်းတွေကို ကောင်းကောင်းထိန်းနိုင်တာမဟုတ်။ အဲ့တော့ အဲ့လို စည်းကမ်းတွေရှိနေတဲ့ ထောင်သာဆို ကွက်တိပဲလေ။ ထောင်ဝါဒါ တွေ၊ ဝန်ထမ်းတွေကို ငှားပြီးထိန်းခိုင်း။ ဆရာ လေးငါးခြောက်ယောက်နဲ့ စာသင်။ ရေကိုလည်း ထောင်ထဲမှာအတိုင်း ပုံစံနဲ့ချိုးခိုင်း။ အိမ်သာကိုလည်း အခန်းထဲမှာပဲတက်။ ထမင်းကိုလည်း ပုံစံနဲ့ကျွေး။ စာကိုလည်း ပုံမှန်ကျက်။ မရရင် ဝါဒါတွေကို ရိုက်ခိုင်း။ အပြင်ကိုလည်း မထွက်ခိုင်းဘူး။ ဘယ်လောက်မိုက်တုံး။ တစ်ချက် ခုတ်နှစ်ချက်ပြတ်ပဲ” ဟု ကျော်စိုးက ရှည်လျားစွာ ရှင်းပြလေသည်။

“မင်းဟာက ဟုတ်တော့ မဟုတ်သေးပါဘူးကွာ...”

“ဟုတ်ကို ဟုတ်ပါတယ်ကွ...။ မင်း မယုံရင်စောင့်ကြည့်...။ ငါတို့ဖွင့်မယ့် ထောင်ဘော်ဒါက ရာနှုန်းပြည့် ဂုဏ်ထူးတွေနဲ့ အောင်စေရမယ်။ မင်းလည်း ငါတို့ ဘော်ဒါမှာ ဂိုက်ပဲဖြစ်ဖြစ်၊ ထမင်းချက်ပဲဖြစ်ဖြစ်လာလုပ်ပါလား...”

“ဟာ... မလုပ်ပါဘူးကွာ...”

“ဒါဆိုရင်တော့ ငါတို့ထောင်ဘော်ဒါဖွင့်ရင် ကြော်ငြာဆောင်းပါးလေးတော့ ရေးပေးကွာ..။ မင်းကို တစ်ပုဒ်သုံးသောင်းပေးပါ့မယ်ကွ...။ ဟဟဟဟဟ”

ထိုညက လမ်းခွဲပြီးနောက် ကျော်စိုး ပျောက်သွားသည်။ ပျောက်သွားတာ တစ်နှစ်ကျော်ကြာ၏။ ယခုနှစ် မတ်လရောက်မှသာ ပြန်ပေါ်လာတော့သည်။ ပြီးတော့ ကျော်စိုးက တစ်ခွန်းတည်း ပြောသွားသည်။ 

“ဒီနှစ် ထောင်ထဲက အောင်စာရင်းကို ကြည့်လိုက်”ဟူ၍။ 

ထို့ကြောင့် ယခုနှစ် ဆယ်တန်းအောင်စာရင်း ထွက်သောအခါ ထောင်များ၏ အောင်စာရင်းကို သေချာကြည့်မိ၏။ တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဆိုလျှင် အကျဉ်းသား အောင်စာရင်းက ၅၀ ရာခိုင်နှုန်း အထက်ရှိသည်။ အင်းစိန်ထောင်ကတော့ ရာနှုန်းပြည့် နီးပါးအောင်ကြသည်။ ဂုဏ်ထူးတွေပင်ပါကြသေး၏။ ထိုအခါမှ အင်းစိန်ထောင်တွင်း ကျော်စိုးတို့ ဘော်ဒါဖွင့်သည့်ကိစ္စကို ယုံမိတော့သည်။ မိတ်ဆွေတို့၏ အမျိုးများအတွင်း ဆယ်တန်းခဏခဏကျသူများရှိပါက ကျော်စိုးနှင့် ဆက်သွယ်ဖို့ အကြံပေးချင်သည်။ 

စိုပြေ