News

POST TYPE

POPULAR POST

မြေပေါ်ပြုတ်ကျနေသော ဓါတ်ကြိုးကို နင်းမိသဖြင့် ညီအကိုနှစ်ဦး ဓါတ်လိုက်သေဆုံး
12-Oct-2019
ကလေး၊ အောက်တိုဘာ ၁၂

စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရား မြောက်ဘက်မုဒ်ဦးအနီးတွင် အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက မြေပေါ်တွင် ပြုတ်ကျနေသော ဓါတ်ကြိုးကို နင်းမိသဖြင့် ညီအစ်ကို နှစ်ဦး ဓါတ်လိုက်သေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့မ ရဲစခန်းသိရသည်။

မောင်စိုင်းလင်းထွန်း(၉)နှစ် နှင့် မောင်ချစ်ရင်ထူး (၁၅) နှစ်တို့သည် စစ်ကိုင်းမြို့ စီးတီးရပ်ကွက် အိမ်အမှတ် (၁၅၁) သရက်ခြံအတွင်းရှိ အောင်ပန်းညိုအပင်မှ အရွက်ခူးရန် သွားရောက်စဉ် မြေပေါ်ပြုတ်ကျနေသော ဓါတ်ကြိုးနင်းမိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

ဖခင်ဖြစ်သူ ဦးသိန်းထွန်းဝင်း(၄၃) နှစ်သည် ညီအစ်ကို နှစ်ဦးသည် အောင်ပန်းညိုအရွက် သွားရောက်ခူးရာမှ ပြန်မလာသဖြင့် လိုက်လံရှာဖွေရာ မောင်ချစ်ရင်ထူး၏ ဘယ်ညာ ခြေနှစ်ဖက်နှင့် လက်နှစ်ဖက်တွင် လျှပ်စစ်စီးဝင်ဒဏ်ရာ မောင်စိုင်းလင်းထွန်း၏ ဘယ်ဘက်တံတောင်တွင် လျှပ်စစ်စီးဝင်သည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်း၏ ကနဦးသတင်းပေးပို့ချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကိုင်းမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၂၆/၂၀၁၉) ဖြင့် အမှုဖွင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

R-20