News

POST TYPE

POPULAR POST

ဧရာဝတီနှင့် ရှမ်းတွင် အာဟာရမြှင့်တင်ရေးအတွက် ယူရိုသန်း ၁၀၀ ကျော် သုံးမည်
11-Oct-2019
ရန်ကုန်၊ အောက်တိုဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အာဟာရမြှင့်တင်ရေး လုပ်ငန်းများအတွက် ယူရိုသန်း ၁၀၀ ကျော် အသုံးပြု၍ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ အဖွဲ့ဝင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအဆင့် အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ၅ နှစ်စီမံကိန်း (၂၀၁၈-၂၀၂၃) ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော်လျက်ရှိပြီး ယခုလုပ်ငန်းအတွက် ဥရောပသမဂ္ဂက တိုက်ရိုက်ထောက်ပံ့ငွေ ယူရိုသန်း ၇၀ နှင့် ဖြည့်စွက်ရန်ပုံငွေ ယူရို ၄၂ သန်း၊ စုစုပေါင်း ယူရို ၁၁၂ သန်း အသုံးပြုသွားမည်ဖြစ်သည်။

ထို့ပြင် အာဟာရဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

“အာဟာရဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းမှာ တစ်ဒေါ်လာရင်းနှီးမြှုပ်နှံရုံနဲ့ ၁၆ ဒေါ်လာအထိ အကျိုးအမြတ်ရရှိနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့အာဟာရ လှုပ်ရှားမှု (Scaling Up Nutrition - SUN) အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အာဟာရဖွံ့ဖြိုးမှု အကြံပြုဆွေးနွေးခြင်း၊ ကိုယ်ဝန်ဆောင်နှင့် အသက်၂ နှစ်အောက် ကလေးများအား အာဟာရစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကို ၂၀၁၃ ခုနှစ်မှ စတင်၍ ကွန်ရက် ၅ ခုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေး အမျိုးသားအဆင့်ဦးဆောင် ကော်မတီထံမှ သိရသည်။

အဆိုပါ အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို ၁၉၅၄ ခုနှစ်ကတည်းက စတင်၍ နိုင်ငံသားများ၏ အာဟာရအခြေအနေ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အာဟာရပြည့်ဝ၍ ကျန်းမာသော အခြေအနေရရှိနိုင်စေရန် မျှော်မှန်းချက် ချမှတ်ဆောင်ရွက်ခဲ့သော်လည်း ယခုအချိန်အထိ ရာနှုန်းပြည့်အောင်မြင်ထိရောက်မှု မရရှိသေးကြောင်း မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားသည်။

J-12


  • VIA