News

POST TYPE

POPULAR POST

ဂျာမနီရှိ ဂျူးဘုရားရှိခိုးကျောင်းတစ်ခု ပစ်ခတ်တိုက်ခိုက်ခံရ၍ နှစ်ဦးသေဆုံး၊ ဂျာမန်ရဲတပ်ဖွဲ့ကို ဂျာမန်ဂျူးများ ပြင်းပြင်းထန်ထန်ဝေဖန်
11-Oct-2019


ဘာလင်၊ အောက်တိုဘာ ၁၀

ဂျာမနီနိုင်ငံ ဟော်လာမြို့ရှိ ဂျူးလူမျိုးတို့၏ ရာဟူးဒီ ဘုရားရှိခိုးကျောင်းတွင် သေနတ်သမားတစ်ဦးက လူနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းဖြစ်ရပ်အပေါ် ဂျာမန်ရဲတပ်ဖွဲ့က လျစ်လျူရှုခဲ့ကြသည်ဟု အထင်ကရ ဂျာမန် ဂျူးအဖွဲ့အစည်းတစ်ခုက ဝေဖန်ရှုတ်ချလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဂျာမနီနိုင်ငံရှိ ဂျူးလူမျိုးများဗဟိုကောင်စီက ရုပ်ဆိုးအကျည်းတန်သည့်ကိစ္စ ဖြစ်ကြောင်း၊ အကြောင်းမှာ ဂျာမန်ရဲတပ်ဖွဲ့ သည် ဟော်လာမြို့ ဂျူးဘုရားရှိခိုးကျောင်း တိုက်ခိုက်ခံရမှုတွင် အကာအကွယ်မပေးခဲ့၍ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။ 

ဂျာမန်ရဲတပ်ဖွဲ့သမဂ္ဂကမူ ရဲတပ်ဖွဲ့အနေနှင့် ဘုရားရှိခိုးကျောင်းများ ရှိရာနေရာ အားလုံးကို ၂၄ နာရီ အကာအကွယ်ပေးရေးအတွက် လုပ်ဆောင်ရာတွက် အခက်အခဲများစွာရှိကြောင်း ပြောကြားသည်။ 

ဂျူးဘုရားရှိခိုးကျောင်းတွင် ဝင်ရောက်ပစ်ခတ်သွားခဲ့သည်ဟု ယုံကြည်ရသည့် အသက် ၂၇ နှစ်အရွယ်အမျိုးသား တစ်ဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းထားပြီ ဖြစ်သည်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို Live ရိုက်ကူးကာ ဆိုရှယ်မီဒီယာတွင် ထုတ်လွှင့်ခဲ့ရာ လူပေါင်း ၂၂၀၀ ကျော်ခန့် ကြည့်ရှုခဲ့ကြသည်။ 

“အကယ်၍သာ ရဲတပ်ဖွဲ့အနေနှင့် ဂျူးဘုရားရှိခိုးကျောင်း အပြင်ဘက်တွင် လုံခြုံရေးကင်းထားရှိမည်ဆိုပါက သေနတ်သမားအနေနှင့် ယခုလို ဝင်ရောက်တိုက်ခိုက်ရန် လွယ်ကူမည်မဟုတ်ပေ”ဟု ဂျူးကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ ဂျိုးဇက်ရှူစတာက Deutschlandfunk ရေဒီယိုသို့ ပြောကြားသည်။ 

“ထူးခြားအံ့ဩဖွယ်ကောင်းတာက လူအများကြီးသေဆုံးတာတို့၊ အမြောက်အမြားထိခိုက်ဒဏ်ရာရရှိတာတို့ မရှိခဲ့တာပါပဲ”ဟု ဂျိုးဇက်ရှူစတာ Twitter စာမျက်နှာတွင် ဖော်ပြသည်။ 

အဆိုပါပစ်ခတ်မှု ဖြစ်ပွားနေချိန်တွင် ဂျူးဘုရားရှိခိုးကျောင်းအတွင်း ဝတ်ပြုဆုတောင်းနေသူ ၆၀ ခန့်ရှိနေသည်။ 

ဂျာမန်အာဏာပိုင်များက သေနတ်သမားဟု ယုံကြည်ရသူမှာ စတီဖန်ဘီဆိုသော ဂျာမန်လူမျိုးတစ်ဦးဖြစ်သည်ဟု ဆိုသည်။ 

ပစ်ခတ်မှုကို ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းထဲတွင် ပစ်ခတ်မှုမကျူးလွန်မီ သေနတ်သမားက ဂျူးနှင့် အာရပ်လူမျိုး မုန်းတီးရေးစကားများကို ကင်မရာကို ကြည့်ကာ ပြောနေခဲ့သည်။ 

ဂျာမန်ပြည်တွင်း မီဒီယာများ ဖော်ပြချက်အရ သေနတ်သမားသည် ဂျူးဘုရားရှိခိုးကျောင်းကို ဖောက်ခွဲပစ်ရေးအတွက် ဖောက်ခွဲရေးကိရိယာများလည်း တပ်ဆင်သွားကြောင်း သိရသည်။ 

မျက်မြင်သက်သေများအဆိုအရ သေနတ်သမားသည် လက်နက်အမြောက်အမြားပါလာသည်ဟု ဆိုသည်။ အသက်ရှင်လျက်ကျန်ရစ်သော ဂျာမန်ဂျူးလူမျိုးများ၏ အဆိုအရ ၎င်းတို့သည် ပစ်ခတ်မှုဖြစ်ပွားစဉ် ဘုရားရှိခိုးကျောင်းအတွင်း အထူးလုံခြုံသော အခန်းတစ်ခန်းထဲတွင် ရဲတပ်ဖွဲ့ရောက် မလာချိန်အထိ ပုန်းအောင်းနေကြကြောင်း ပြောကြားသည်။ 

F-01


  • VIA