News

POST TYPE

POPULAR POST

နေရပ်ပြန်သူများကြောင့် ရန်ကုန်တွင် ယာဉ်ကြောပိတ်
11-Oct-2019

ယာဉ်ကြောပိတ်ဆို့မှုကြောင့်  ခရီးသည်အချို့မှာ ခရီးသည်ယာဉ်ထွက်ချိန်အထိ မရောက်သောကြောင့် ဖုန်းဆက်အကြောင်းကြားကာ စောင့်ဆိုင်းမရမှုများလည်းရှိသည်

ရန်ကုန်၊ အောက်တိုဘာ ၁၀

သီတင်းကျွတ်ရုံးပိတ်ရက်တွင် နေရပ်ဒေသအသီးသီးသို့ ပြန်ကြမည့် ခရီးသွားပြည်သူ များပြားသောကြောင့် ရန်ကုန်မြို့ အဝေးပြေးကားဝင်း ပတ်ဝန်းကျင်များတွင် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်များက ယာဉ်ကြောပိတ်ဆို့ခဲ့ကြောင်း အငှားယာဉ်မောင်းများနှင့် ခရီးသွားများထံမှ သိရသည်။ 

အောင်မင်္ဂလာအဝေးပြေးဝင်းသို့ သွားရောက်သူများ များပြားသဖြင့် မြောက်ဥက္ကလာပမြို့နယ်အတွင်း ယာဉ်ကြော ပိတ်ဆို့မှုများဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်းသို့ ပြန်မည့်သူ များပြားသဖြင့် လှိုင်သာယာမြို့နယ်တွင်လည်း ယာဉ်ကြောပိတ်ဆို့ခဲ့ကြောင်း ခရီးသွားများက ပြောသည်။ 

အဆိုပါ ယာဉ်ကြောပိတ်ဆို့မှုကြောင့် ခရီးသွားပြည်သူများမှာ အဝေးပြေးဝင်းအတွင်းရှိ အဝေးပြေးယာဉ်များစီးရန် အချိန်နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ပြီး အချို့ခရီးသည်များမှာ အချိန်မီနိုင်ရန် ဆိုင်ကယ်ကယ်ရီများဖြင့် သွားရောက် စီးနင်းနေရကြောင်း ခရီးသည်များထံမှ သိရသည်။

“နှစ်တိုင်း ဒီလိုရုံးပိတ်ရက်တွေဆို ကားအမြဲပိတ်တာ သိလို့ စောစောထွက် တာတောင် ကားတွေပိတ်နေလို့ နီးစပ်ရာ ဆိုင်ကယ်ကယ်ရီငှားပြီး ကားဂိတ်ကို ပြေးလိုက်ရတယ်။ အစိုးရအနေနဲ့ ခရီးသည်တွေ အဆင်ပြေအောင်၊ လမ်းပိတ်တာတွေမဖြစ်အောင် စနစ်တကျ အစီအစဉ်ဆွဲပြီး ဆောင်ရွက်သင့်တယ်။ အခုကတော့ နှစ်တိုင်း ဒီလိုဆိုတော့ သိပ်မဟုတ်သေးဘူး”ဟု မော်လမြိုင်သို့ ပြန်မည့် ခရီးသည်ဖြစ်သူ ဒေါ်သင်ဇာနိုင်က ဆိုသည်။

ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ခရီးသည်အချို့မှာ သတ်မှတ်အဝေးပြေးခရီးသည်ယာဉ်ထွက်ချိန်အထိ မရောက်လာသောကြောင့် ဖုန်းဆက် အကြောင်းကြားကာ စောင့်ဆိုင်းမှုများလည်း ရှိနေကြောင်း ခရီးသည်တင်ယာဉ်လိုင်းများထံမှ သိရသည်။

“တကယ်ဆို ၁၁ ရက်နေ့ သောကြာနေ့မှ ရုံးစပိတ်တာ ၁၀ ရက်နေ့ကတည်းက နယ်ပြန်တဲ့သူတွေများလို့ ကားလမ်းတွေ ၁ နာရီကျော်ကြာပိတ်တဲ့အတွက် ခရီးသည်တွေက ကားပေါ်ကဆင်းပြီး ကယ်ရီစီးကြသူများတယ်။ ကျွန်တော်တို့ကတော့ ကားဝင်း သူတို့စီးတဲ့ဂိတ်အထိကို ၅၀၀ ကျပ်နဲ့ ပို့ဆောင်ပေးပါတယ်”ဟု ဆိုင်ကယ် ကယ်ရီမောင်းသူ ကိုအောင်ခိုင်က ဆိုသည်။

အစိုးရရုံးပိတ်ရက်မှာ အောက်တိုဘာ ၁၁ ရက်နေ့ သောကြာနေ့မှ အောက်တိုဘာ ၁၅ ရက်နေ့ (အင်္ဂါနေ့) အထိ သီတင်းကျွတ် ရုံးပိတ်ရက်ဖြစ်သော်လည်း အောက်တိုဘာ ၁၀ ရက်နေ့ကတည်းက နယ်ပြန်သူ များပြားသောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

J-10



  • VIA