News

POST TYPE

POPULAR POST

ဒေါက်တာအောင်ဇော် အမှုပိတ်သိမ်းရန်တင်သွင်းမှု တိုင်းတရားလွှတ်တော် လက်ခံ
10-Oct-2019

ရန်ကုန်၊ အောက်တိုဘာ ၁၀

အဂတိလိုက်စားမှုနှင့် တရားစွဲဆို ခံထားရသော အင်းစိန် BPI ဆေးဝါးစက်ရုံမှုး ဒေါက်တာအောင်ဇော်အမှုအား အောက်တိုဘာ ၁၀ ရက်နေ့က တိုင်းတရားလွှတ်တော်ရုံး၌ စစ်ဆေးခဲ့ပြီး စွပ်စွဲခံရသူဘက်မှ ဥပဒေအကြံပေးမှ အမှုပိတ်သိမ်းခွင့်တင်ရာ တရားရုံးမှလက်ခံခဲ့ကြောင်း အမှုလိုက်ရှေ့နေများထံမှ သိရသည်။

ဒေါက်တာအောင်ဇော်အမှုမှ တရားလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဒုညွန်ကြားရေးမှုးဦးမိုးနိုင်ကိုစစ်ဆေးခဲပြီး စွပ်စွဲခံရသူဘက်မှ အာမခံလျောက်ထားရာ တရားလိုကို မစစ်ဆေးရသေးသည့်အတွက် အာမခံပေး၍ မရကြောင်း တရားသူကြီးက ပြောကြားခဲ့သည်။ 

ဒေါက်တာအောင်ဇော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စက်တင်ဘာ ၆ ရက်နေ့တွင် အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃(က)၂ ဖြင့် ညှိစွန်းသည်ဟုဆိုပြီး ပုဒ်မ ၅၆ ဖြင့် အင်းစိန်ရဲစခန်း၌ အမှုဖွင့်တိုင်တန်းခံခြင်းဖြစ်သည်။ 

အဆိုပါ တိုင်စာတွင် မှာကော်စေ့ ၂၆ တန်မှထုတ်လုပ်သော သွေးကြောသွင်းရည်အိတ် ၆ သိန်းကျော်မှာ အရည်အသွေးမပြည့်မီဘဲ ခဲဆိပ်ပါဝင်မှုများကာ အန္တရာယ်ဖြစ်စေနိုင်ကာ နိုင်ငံတော်အနေဖြင့်လည်း ငွေကျပ် ၄၉၉ ဒသမ ၇ သန်း ဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားသည်။ 

သို့သော်လည်း အဂတိတိုက်ဖျက်ရေးကော်မရှင်မ တရားရုံးသို့ တင်ပြရာတွင် မူလဖော်ပြချက်အတိုင်းမဟုတ်ဘဲ လျှော့နည်းဖော်ပြခဲ့သည်ဟု ဒေါက်တာအောင်ဇော်၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။ 

“အောက်တိုဘာ ၁ ရက်နေ့ အဂတိက တရားစွဲတော့ ဆေးဗူးခွံ ၁ သိန်း ၆ သောင်းကျော် ငွေကလည်း ၁၂၃ သန်းကျော်ဖြစ်သွားတယ်” ဟု ၎င်းက ဆိုသည်။ 

ဒေါက်တာအောင်ဇော်အမှုသည် ဥပဒေအကြောင်းအရ ခိုင်မာစွာတည်ဆောက်ထားခြင်းမရှိသလို ခုခံချေပခွင့်လည်း ပြည့်ဝစွာမပေးဘဲ ချုပ်နှောင်ထိန်းသိမ်းထားပြီးသည့်နောက် ကျန်းမာရေးဝန်ကြီးဌာနဘက် တစ်ဖက်သတ်စစ်ဆေးပြီးမှ ပြောင်းလဲသွားသည့်အတွက် တည်ဆဲဥပဒေနှင့်ညီညွတ်မှုမရှိဟု ယူဆသည့်အတွက် အမှုကိုပိတ်သိမ်းပေးရန်လျှောက်ထားရာ တိုင်းတရားလွှတ်တော်ရုံးမှ လက်ခံခဲ့ကြောင်း ဦးခင်မောင်မြင့်က ဆက်လက်ပြောသည်။ 

ဒေါက်တာအောင်ဇော်အမှုကို တိုင်းတရားလွှတ်တော်ရုံးမှ အောက်တိုဘာ ၃၀ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်ပြီး စွပ်စွဲခံရသူဘက်မှ လျှောက်ထားခဲ့သည့် အမှုပိတ်သိမ်းခွင့်ကို နိုဝင်ဘာ ၁၀ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။

အေးချမ်းသူ