News

POST TYPE

POPULAR POST

ပြည်ပသို့ ကျွဲ၊ နွား အကောင်ရေ သုံးသိန်းခန့် တင်ပို့
10-Oct-2019
ရန်ကုန်၊ အောက်တိုဘာ ၁၀

ပြည်ပသို့ ကျွဲ၊ နွား တင်ပို့မှုအနေဖြင့် ပြီးခဲ့သည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ အကောင်ရေ ၃ သိန်းခန့် တင်ပို့နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါအကောင်ရေ ၃ သိန်းခန့်ထဲတွင် ကျွဲအကောင်ရေ ၃၀၈၃၃ ကောင် တင်ပို့နိုင်ကာ တင်ပို့ငွေ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ဝ၈၃ သန်း ရရှိထားပြီး နွားအကောင်ရေ ၂၆၁၈၁၉ ကောင်တင်ပို့နိုင်ပြီး တင်ပို့ငွေ အမေရိကန်ဒေါ်လာ ၃၁၄ ဒသမ ၁၈၁ သန်း တင်ပို့နိုင်ခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ကျွဲ၊ နွားများကို တရုတ်နိုင်ငံသို့ အဓိကထားတင်ပို့နေခြင်းဖြစ်သည်။

“အရောင်းအဝယ်က ဒီလိုပဲ ကောင်းလိုက် နားလိုက်ပါပဲ။ နွားဈေးကတော့ ဒီရက်ပိုင်းသိပ်မဆိုးဘူး” ဟု ကျွဲ၊ နွားကုန်သည် ဦးသောင်းခိုင်က ပြောကြားသည်။

ယခင်က တစ်ရက်လျှင် ကျွဲ၊ နွားအကောင်ရေ တစ်ရာကျော် တင်ပို့ရောင်းချနိုင်သော်လည်း လက်ရှိတွင် တစ်ရက်လျှင် ကျွဲ၊ နွားအကောင်ရေ ၂၀ ခန့်သာ တင်ပို့ရောင်းချနိုင်တော့ကြောင်း ကျွဲ၊ နွားကုန်သည်များက ပြောကြားသည်။

“ခုလောလောဆယ်မှာတော့ ကျွဲ၊ နွားကုန်သွယ်ရေးအခြေအနေက မကောင်းသေးဘူး။ တရုတ်ဝယ်လက်တွေ လာမဝယ်ကြတာ။ ပို့လည်း ကြိုကြားကြိုကြားပဲ ပို့ကြတာ။ အဲဒါတောင် အောက်ဈေးနဲ့ ဝယ်တာ။ တချို့ကျတော့ ကုမ္ပဏီသက်တမ်းကုန်တော့မှာဆိုတော့ မဖြစ်မနေ ပို့လိုက်တာတွေပဲရှိတယ်” ဟု မူဆယ်မြို့မှ ကျွဲ၊ နွား ကုန်သည် ဒေါ်ခါးက ပြောကြားသည်။

ရောင်းလိုအားနှင့် ဝယ်လိုအားအရ ဖြစ်ပေါ်နေသည့် လွတ်လပ်သောဈေးကွက်ကို ဖော်ဆောင်နိုင်ရန်နှင့် တရားမဝင် တင်ပို့နေမှုများ တရားဝင်လမ်းကြောင်းပေါ် ရောက်ရှိစေရန် ပြည်ပသို့ ကျွဲ၊ နွားအရှင် တရားဝင်တင်ပို့ခွင့်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က တရားဝင်ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။

J-11