News

POST TYPE

POPULAR POST

ပျဉ်းမနားတွင် ဆိုင်ကယ်ဖြင့် ဆွဲကြိုးလုသူနှစ်ဦးကို ပြည်သူများ ဝိုင်းဝန်းဖမ်းဆီး
10-Oct-2019

ရန်ကုန်၊ အောက်တိုဘာ ၁၀

ပျဉ်းမနား မြို့မဈေးမှ ကုန်ထုတ်လမ်းအတိုင်း အမျိုးသမီးနှစ်ဦးမောင်းနှင်လာသော ဆိုင်ကယ်ကို အခြားဆိုင်ကယ်တစ်စီးမှ ဘေးချင်းကပ်ယှဉ်မောင်းပြီး လည်ပင်းမှ ဆွဲကြိုးကို လုယူခဲ့သူများအား ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

အောက်တိုဘာ ၉ ရက် ညပိုင်းက ပျဉ်းမနားမြို့၊ ဦးမင်းဒင်ရပ်ကွက်နေ မစုစုသိန်းမောင်းနှင်ပြီး မမေသွယ်ဦး (၃၁) နှစ် နောက်ထိုင်လိုက်ပါလာသည့် ဆိုင်ကယ်သည် ကသစ်ပိုင်ဘုန်းကြီးကျောင်းရှေ့အရောက်၌ အောင်အောင် (ခ) အငယ်လေး (၁၈) နှစ်မောင်းနှင်ပြီး ဇနီးဖြစ်သူ မသီရိ (၁၈)နှစ်နောက်ထိုင်လိုက်ပါလာသည့် ဆိုင်ကယ်မှ ဘေးချင်းကပ်ယှဉ်မောင်းပြီး မသီရိက မမေသွယ်ဦး၏ လည်ပင်းမှဆွဲကြိုးအား ဆွဲဖြတ်လုယူသဖြင့် ပြန်လည်ဆွဲယူခဲ့ရာ ဆွဲသီးသာပြန်ပါလာခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ 

ထိုသို့ ရွှေဆွဲကြိုးပါသွားမှုကြောင့် မမေသွယ်ဦးက အော်ဟစ်အကူအညီတောင်းခံခဲ့ရာ ပြည်သူများက ဝိုင်းဝန်းလိုက်လံဖမ်းဆီးခဲ့ရာ အောင်အောင် (ခ)အငယ်လေးနှင့် မသီရိတို့အား ပျဉ်းမနားမြို့နယ်၊ ရှမ်းစုလေး ကျေးရွာအနီး၌ ဆိုင်ကယ်နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် ဆွဲကြိုးဖြတ်လုသွားသူ အောင်အောင် (ခ) အငယ်လေးနှင့် ၎င်း၏ ဇနီးအား ပျဉ်းမနားမြို့မ ရဲစခန်း (ပ) ၅၉၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ (လုယက်မှု) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

အေးချမ်းသူ