News

POST TYPE

POPULAR POST

EC စာချုပ်ချိုးဖောက်သည်ဟုဆိုကာ အလုပ်သမားက Young Clothing 2 စက်ရုံပိုင်ရှင်ကို တရားစွဲ
10-Oct-2019

ရန်ကုန်၊ အောက်တိုဘာ ၁၀

Young clothing 2 စက်ရုံမှ အလုပ်သမားများက အလုပ်သမားအလုပ်ရှင် သဘောတူညီမှုစာချုပ် (EC) စာချုပ်ချုပ် ချိုးဖောက်မှုဖြင့် ရွှေပြည်သာတရားရုံးတွင် အလုပ်သမား ဥပဒေ ပုဒ်မ ၃၉ ဖြင့် အောက်တိုဘာ ၉ ရက်နေ့က တရားစွဲဆိုခဲ့ကြောင်း အလုပ်သမားများထံမှသိရသည်။

အလုပ်ရှင်မှ အောက်တိုဘာ ၅ ရက်နှင့် ၇ ရက်နေ့တွင် အလုပ်သမားများအား ဖယ်ရီကားမစီစဉ်ပေးခဲ့သောကြောင့် အစိုးရမှပြဋ္ဌာန်းထားသော EC စာချုပ်ကို မလိုက်နာသောကြောင့် အလုပ်ရှင်အား တရားစွဲဆိုရခြင်းဖြစ်ကြောင်း အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးထွန်းဒီပါလင်းက ပြောသည်။

“EC စာချုပ်ကိုဖောက်ဖျက်လို့ တရားစွဲတာပါ”ဟု ၄င်းက ဆိုသည်။

အဆိုပါအမှုကို ရွှေပြည်သာမြို့နယ် တရားရုံးမှလက်ခံခဲ့ပြီး အောက်တိုဘာ ၂၃ ရက်နေ့တွင် အမှုကိုစတင်စစ်ဆေးမည်ဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ကိုစိုင်းယုမောင်က ပြောသည်။

“၈ ရက်နေ့က အလုပ်ရှင်ကို ရဲစခန်းမှစပြီး အမှုဖွင့်တာပါ ရဲစခန်းက တရားရုံးကိုလွဲလိုက်တာပါ”ဟု ၄င်းက ဆိုသည်။

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ၊ Young clothing (2) စက်ရုံသည် သြဂုတ် ၂၃ ရက်က ရက်မှန်ကြေးရရှိရေးအတွက် အလုပ်သမား နှစ်ရာကျော်ကဆန္ဒပြခဲ့ပြီး စက်တင်ဘာ ၁ ရက်နေ့တွင် ပြေလည်မှုရရှိကာအလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့ပြီးမှ ယခုကဲ့သို့ တရားစွဲခဲ့ခြင်းဖြစ်သည်။

Young Clothing စက်ရုံမှာ တရုတ်အမျိုးသားပိုင်စက်ရုံဖြစ်ပြီး ဂျာကင်ထုတ်လုပ်သောစက်ရုံဖြစ်ကာ အမှတ် ၁ စက်ရုံမှာ (1) မှာ လှိုင်သာယာစက်မှုဇုန်တွင်တည်ရှိပြီး Young Clothing (2) မှာ ရွှေပြည်သာ သာဓုကန်စက်မှုဇုန်တွင်တည်ရှိကာ အမှတ်သုံး စက်ရုံမှာ နေပြည်တော်တွင်တည်ရှိသည်။

အေးချမ်းသူ