News

POST TYPE

POPULAR POST

ဘိုကလေးတွင် လူငယ်တစ်ဦး မိကျောင်းကိုက်ခံရ
10-Oct-2019


ပုသိမ်၊ အောက်တိုဘာ ၉

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ချောင်းဗြဲကြီး ကျေးရွာအုပ်စု၊ လှေလုံးကွဲ ကျေးရွာတွင် အောက်တိုဘာ ၈ ရက်နေ့ ညနေပိုင်းက အသက် ၂၂ နှစ်ရှိ လူငယ်တစ်ဦး မိကျောင်းကိုက်ခံရကြောင်း ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

မိကျောင်းကိုက်ခံရသူ မောင်နေလင်းဦးသည် နေအိမ်ရှေ့ရှိ ကမ်းစပ်တွင် လှေဝမ်းအတွင်းမှ ရေများပက်ထုတ်နေစဉ် ရုတ်တရက် မိကျောင်းပေါ်လာပြီး ကိုက်ဆွဲခြင်းခံရကြောင်း၊ အချိန်မီ အိမ်ပေါ်တက်ပြေးသဖြင့် အသက်မသေသော်လည်း ဘယ်ဘက်တင်ပါးနှင့် ပေါင်များတွင် စုတ်ပြဲဒဏ်ရာများရရှိကာ ကဒုံကနိ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက The Voice သို့ ပြောသည်။

“အခင်းဖြစ်နေရာက မိန်းမလှကျွန်း ရဲစွယ် အစွန်းပိုင်းကျတယ်၊ မိကျောင်း ချင်းချင်း ကိုက်ကြပြီး ထွက်ပြေးတဲ့ အကောင်မျိုးနဲ့ အစာရှာရင်း ကျွန်း အစွန်းပိုင်းကို ရောက်သွားတဲ့ အကောင်မျိုးက အဲဒီဘက်ကို ရောက်သွားပြီး အစာအတွက် လူကို ဆွဲတာဖြစ်မယ်”ဟု ၎င်းက သုံးသပ်သည်။

ရှားပါး တိရစ္ဆာန် ရေနေသတ္တဝါ၊ ကျေးငှက်များနှင့် ဒီရေတောသစ်ပင်များ ပေါက်ရောက်သည့် မိန်းမလှကျွန်းမှာ အာဆီယံ အမွေအနှစ် သစ်တောအဖြစ် သတ်မှတ်ခံထားရမှုကြောင့် သားငါး ရှာဖွေဖမ်းဆီးခြင်းနှင့် သစ်ခုတ်ခြင်းကို တားမြစ်ထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးထံမှ သိရသည်။

မောင်မျိုးထက် (ပုသိမ်) 



  • VIA