News

POST TYPE

POPULAR POST

ရွှေတစ်ကျပ်သား ကိုးသောင်းကျော်နှင့် တစ်ဒေါ်လာ ကျပ် ၄၀ နီးပါးဈေးကျ
10-Sep-2019


ရန်ကုန်၊ စက်တင်ဘာ ၁၀

ဘဏ်ကောလာဟလဂယက်များ ငြိမ်သက်သွားပြီးနောက် အဆမတန်မြင့်တက်ခဲ့သည့် ပြည်တွင်းအခေါက်ရွှေနှင့် အမေရိကန်ဒေါ်လာဈေးနှုန်းများ ဆက်တိုက်ဆိုသကဲ့သို့ ပြန်လည်ကျဆင်းလာကြောင်း ရွှေဘုံသာဈေးကွက်အတွင်းမှ သိရသည်။

ဘဏ်ဂယက်ကာလအတွင်း ၁၆ ပဲရည်အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၃ သိန်းတစ်သောင်းခွဲနှင့် အမေရိကန်တစ်ဒေါ်လာလျှင် ၁၅၆၅ အထိ အမြင့်ဆုံးမြင့်တက်ခဲ့ရာမှ ယခုအခါ ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၂ သိန်းနှစ်သောင်းကျော်နှင့် အမေရိကန်တစ်ဒေါ်လာလျှင် ၁၅၂၈ ကျပ်အထိကျဆင်းလာခဲ့ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ထို့ကြောင့် ရက်ပိုင်းအတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ကိုးသောင်းကျော်နှင့် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၄၀ နီးပါးခန့်အထိ ကျဆင်းသွားကြောင်း ရွှေနှင့် ဒေါ်လာရောင်းဝယ်သူများက ဆိုသည်။

ပြည်တွင်းရွှေနှင့် ဒေါ်လာဈေးနှုန်းများသည် စက်တင်ဘာ ၇ ရက်နေ့မှစတင်၍ တဖြည်းဖြည်းပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့မှာလည်း ဆက်လက်ကျဆင်းလာကြောင်း ၎င်းတို့က ဆိုသည်။

“ဒီလို ဆက်တိုက်ကျတာ ကမ္ဘာ့ရွှေဈေးကျလာတာနဲ့လည်း သွားဆုံတာကြောင့်ပါ။ ဘဏ်ဂယက်လည်း ငြိမ်သွားတာကြောင့်ရောပေါ့”ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။

ကမ္ဘာ့ရွှေဈေးသည်လည်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၅၀ နီးပါးမှ ယခုအခါ တစ်အောင်စလျှင် ၁၄၉၂ ဒေါ်လာအထိ ကျဆင်းလာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

S-04




  • VIA