News

POST TYPE

POPULAR POST

ဒေါ်ပုလက်ချက် ဘဏ် ကယောက်ကယက်
04-Sep-2019


ယခုရက်ပိုင်း မြန်မာပြည်တွင် ရေပန်းအစားဆုံး ကိစ္စနှစ်ခုရှိ၏။ ရှမ်းပြည်က တိုက်ပွဲနှင့် ဘဏ်တွင် ငွေထုတ်ခြင်းဖြစ်သည်။ တိုက်ပွဲတွေ ဖြစ်နေတော့ လမ်းကြောင်းတွေ ပြတ်သည်။

လမ်းကြောင်းတွေပြတ်တော့ ကုန်ဈေးနှုန်းတွေ တက်သည်။ ထို့အတူ ဘဏ်မှာ ငွေတွေ ဝိုင်းထုတ်လို့ ဘဏ်ပျက်လျှင် တိုင်းပြည်စီးပွားရေး မြောင်းထဲရောက်မည်။

ထိုအခြေအနေတွေဖြစ်အောင် ဖန်တီးသူကို သင်တို့ သိပါသလား။ မသိလျှင်တော့ ပြောပြရမည်။

ဒေါ်ပုဖြစ်သည်။ အခုလို တိုက်ပွဲတွေဖြစ်ပြီး ဘဏ်တွေပြိုလဲအောင် လုပ်နေသူသည် ဒေါ်ပုဖြစ်၏။

တမြန်နှစ်က ဒေါ်ပုသမီး ဟောင်ကောင်သို့ သွား၏။ ချမ်းသာလို့ အလည်အပတ်သွားခြင်းတော့ မဟုတ်။ အလုပ်လုပ်ရန်ဖြစ်သည်။ အားလုံးသိကြသည့်အတိုင်း ဟောင်ကောင်တွင် အိမ်ဖော်လုပ်ခြင်းဖြစ်သည်။ ဟောင်ကောင်တွင် အဆင်ပြေသည်ဟု ကြားရ၏။ လစဉ် လတိုင်း ပိုက်ဆံပို့သည်။

သူ့သမီးဟောင်ကောင်သို့ သွားခါစကတော့ ဒေါ်ပု စိတ်ညစ်သည်။ အိမ်မှာ သူ့မြေးတွေနှင့် ကျန်ခဲ့ရလို့ဖြစ်သည်။ သူ့သမက်ကလည်း မလေးရှားမှာ။

အိမ်တွင် မျောက်လောင်းများဖြစ်သော သူ့မြေးသုံးယောက်ကို ထိန်းရတာ တော်တော်ပင်ပန်းသည်။

မြေးဆိုသည့် သတ္တဝါမှာ ဘွားအေကို ဘယ်လို ဒုက္ခပေးရမလဲ စဉ်းစားနေသော အကောင်တွေဟု ဒေါ်ပုတွေးမိသေးသည်။

မကြာမီ ဒေါ်ပုသမီး ပိုက်ဆံပို့လာသည်။

ဒေါ်ပုသမီး ပို့လိုက်သောပိုက်ဆံက ဒေါ်လာရာဂဏန်းမျှသာ။ ဒီဘက်ကိုရောက်တော့ ကျပ်ငွေ သိန်းချီ ဖြစ်သွားသည်။ ဒေါ်ပု ပျော်၏။ သူ့သမက်ပို့သည့် ပိုက်ဆံကလည်း ရှိသေးသည် မဟုတ်ပါလား။

သူ့သမီးကတော့ ဖုန်းလှမ်းဆက်ပြီး မှာရှာသည်။ “တစ်ဝက်ကိုသုံး။ တစ်ဝက်ကိုစု” တဲ့

ဘာပဲဖြစ်ဖြစ် ပိုက်ဆံတွေရတော့ သုံးကြဖြုန်းကြသည်။ ကလေးတွေကို မုန့်ဝယ်ကျွေးသည်။ ဟိုဟိုဒီဒီ လျှောက်သွားသည်။ အဝတ်အစားတွေ ဝယ်ပေးသည်။ ကလေးတွေကိုလည်း မုန့်ဖိုးပေးတော့ မြေးတွေကလည်း ဘွားအေကြီးကို ပြန်ချစ်သည်။

ပြီးတော့ ဟောင်ကောင်တွင် အိမ်ဖော်လုပ်သော သမီးပို့သည့် ပိုက်ဆံဖြင့် ဒေါ်ပုအိမ်တွင် အိမ်ဖော်တစ်ယောက်ပင်ငှားနိုင်၏။ ကလေးတွေကိုလည်းထိန်းဖို့ပေါ့။ မြေးတွေကို အိမ်ဖော်က ထိန်းတော့ ဒေါ်ပုတစ်ယောက် အားသွားသည်။

အားတာများတော့ ပျင်းလာသည်။ ပျင်းလာတော့ ဆရာစံလမ်းအတွင်းရှိ ပိုကာဝိုင်းသို့ နေ့စဉ်သွားသည်။ နှစ်လုံး သုံးလုံး ထိုးရတာသိပ်မကောင်း။ သူ့ဘာသူ ထွက်တဲ့ဂဏန်း မှန်းထိုးရတာ။

အဲ... ဖဲကတော့ ဒီလိုမဟုတ်။ ကိုယ့်လက်ထဲ ရှိသည်မဟုတ်လား။

နောက်တော့ ပိုကာတင်မက။ ရှမ်းကိုးမီးတွေ ရှိုးတွေပါ ဒေါ်ပု ရိုက်လာသည်။

အချုပ်ဆိုရလျှင်တော့ ဒေါ်ပု ဖဲရှုံးပါသည်။

သမီး စုခိုင်းသည့် ပိုက်ဆံတွေ မစုနိုင်။

ဒါပေမဲ့ သမီးကိုတော့ ဘဏ်တွင် အပ်ထားသည်ဟု ပြောရ၏။ ဒီလိုနှင့်ကြာလာတော့ ဖဲဝိုင်းတွင် ရှုံးရုံတင်မက အကြွေးတွေပါတင်လာသည်။

အကြွေးရှင်တွေကလည်း ဖဲဝိုင်းတွင် ရက်ရက်ရောရော ချေးကြ၏။ ဒေါ်ပုသမီးနှင့် သမက်က နိုင်ငံခြားတွင် အလုပ်လုပ်နေသည်ဆိုတော့ အကြွေးရှင်တွေကလည်း ယုံကြတာပေါ့လေ။

လကုန်လည်း မဆပ်နိုင်လည်း ဒေါ်ပုကတော့ ခပ်တင်းတင်းပင်။

“ဟေ့... ငါ့သမီးက နောက်လမှ ပိုက်ဆံပေါင်းပို့မယ်ဆိုလို့ နောက်လမှ အကြွေးတွေ ပေါင်းယူကြ”

လွန်ခဲ့သည့် တစ်လကျော်က ဒေါ်ပုသမီး ဖုန်းဆက်သည်။

“မကြာမီ မြန်မာပြည်ကို ပြန်လာမည်။ ကလေးတွေကို လွမ်းလှသည်” ဟု။

တကယ်တော့ မလေးရှားက သူ့ယောကျာ်း မြန်မာပြည်ပြန်မှာမို့လို့ ယောကျာ်းနှင့်တွေ့ရန် ပြန်လာခြင်းပင်။ ဒေါ်ပုကတော့ သူ့သမီးကို ပြန်မလာဖို့ ဖျောင်းဖျသည်။ ကလေးတွေ အဆင်ပြေကြောင်း၊ ပြန်လာလျှင် လမ်းစရိတ်အလွန်ကုန်ကြောင်း၊ ဟိုမှာပဲ အေးအေးဆေးဆေးနေသင့်ကြောင်း၊ ဒီမှာ အဆင်ပြေကြောင်း။

ဒါပေမဲ့ ကျားစိတ်မွန်နေသော ဒေါ်ပုသမီးကို နားချလို့မရ။ မဖြစ်ဖြစ်အောင်ပြန်လာမည်ဆိုပဲ။ ဒီတစ်ခါတော့ ဒေါ်ပု စိတ်ညစ်ပြီ။ ဖဲဝိုင်းမှာ ပိုက်ဆံတွေရှုံးထားလို့ သူ့သမီး စုခိုင်းထားသည့် ပိုက်ဆံတွေ မစုနိုင်။ ဖဲကြွေးတွေပင် ဝိုင်းနေသေးသည်။ ဘယ်လိုလုပ်ရမလဲ။ ကြံရာမရ။

ဒီလိုနှင့် ဖဲဝိုင်းမှာ ရင်းနှီးနေသည့် ကျော်စိုးဆိုသည့် ကောင်လေးကို သူ့အခက်အခဲကို ပြောပြသည်။

ဘယ်လိုလုပ်ရင် ကောင်းမလဲ တိုင်ပင်သည်။

“ဒေါ်ပု ပိုက်ဆံတွေ ဘဏ်မှာ အပ်ထားတယ်လို့ သမီးကို ပြောထားတယ်မဟုတ်လား” 

“အေးလေ ...” 

“ဒါဆို ဒေါ်ပုအပ်ထားတဲ့ ဘဏ်ကို ပျက်သွားအောင်လုပ်ပေါ့” 

“အဲ့လို ပျက်တော့ ဘာဖြစ်မှာတုန်း”

“အဲ့လို ပျက်တော့ ... ခင်ဗျားစုထားတဲ့ ပိုက်ဆံတွေကို ဘဏ်ပျက်တဲ့အထဲ ပါသွားပြီလို့ ပြောလိုက်ပေါ့” 

“ဘဏ်ပျက်အောင် ငါက ဘူဒိုဇာနဲ့ သွားထိုး ရမှာလား...”

“ဟုတ်ဘူးဗျ....။ ဘဏ်က ပိုက်ဆံတွေ ဝိုင်းထုတ်ရင် ဘဏ်ပျက်တယ်လို့ ကြားဖူးတယ်”

“ထုတ်ရအောင် ငါ့ပိုက်ဆံတွေက ဘဏ်မှာ အပ်တာ သောင်းဂဏန်းလောက်လေးရှိတာကို ...”

“ဟုတ်ဘူး ဒေါ်ပုရဲ့ ... ။ ဒီလိုလုပ်ဗျာ” ဟုဆိုကာ ကျော်စိုးက ဒေါ်ပုကို အကြံပေးလိုက်သည်။

တကယ်တော့ ဘဏ်ပျက်လည်း ဗဟိုဘဏ်က ပိုက်ဆံပြန်ထုတ်ပေးသည်ဆိုခြင်းကို ကျော်စိုးနှင့် ဒေါ်ပု မသိကြ။

ထိုနေ့ကစပြီး ဒေါ်ပုတစ်ယောက် ကျော်စိုးပေးသည့် အကြံအတိုင်း လိုက်နာသည်။

ဖဲဝိုင်းတွင်လည်း ဘဏ်တွေ ဒေဝါလီခံတော့မည့်အကြောင်း ပြောသည်။

ဈေးထဲတွင်လည်း ဘဏ်တွေ ဒေဝါလီခံတော့မည့်အကြောင်း ပြောသည်။

ဘယ်နေရာရောက်ရောက် ဘဏ်တွေ ဒေဝါလီခံတော့မည်။ ဘက်တွေပျက်တော့မည်။ ပိုက်ဆံတွေ ပြန်ထုတ်ကြလော့ဟု ဆော်ဩသည်။

အစကတော့ လူတွေ သိပ်မယုံ။

အဲ... ဒေါ်ပုစကားကို ယုံအောင် လုပ်ပေးလိုက်သည့် ကိစ္စတစ်ခုလည်း ပေါ်လာသည်။

စီးပွားရေးသမားတွေက ဘဏ်တွေဆီက ချေးထားသည့် ပိုက်ဆံတွေကို မဆပ်လို့တဲ့။ အခုတော့ ဘဏ်တွေ ဒုက္ခရောက်နေသည်။

အပေါင်ပစ္စည်းတွေကို သိမ်းဖို့ကြံသည်။ သို့သော်လည်း အပေါင်ပစ္စည်းတွေက ဈေးကျနေသည်။ အဲ့တော့ အပေါင်ပစ္စည်းသိမ်းလျှင်လည်း ဘဏ်တွေ ရှုံးမည်။ အပေါင်အိမ်တွေကို ပြန်ရောင်းတော့လည်း ဈေးက ရမည်မဟုတ်။

ဒီကြားထဲ ဗဟိုဘဏ်ဒုဥက္ကဋ္ဌကလည်း ပြည်သူ့ပိုက်ဆံတွေ မဆုံးရှုံးအောင်လုပ်ဖို့ ဘဏ်များတွင် တာဝန်ရှိသည်ဟု ဆိုသည်။

နောက်တော့လည်း ဒီလိုစကားတွေက ဗဟိုဘဏ်သဘောထားမဟုတ်ဟု ဗဟိုဘဏ်က ကြေညာပြန်သည်။

အစကတည်းက စိုးရိမ်နေသည့် ပြည်သူတွေခမျာ ဘဏ်များသို့သွား၍ ပိုက်ဆံတွေ ထုတ်ကြတော့သည်။

ဒါကို ဒေါ်ပုက “ဗဟိုဘဏ် ပြုတ်တော့မယ်” ဆိုပြီး သတင်းလွှင့်သည်။

ဒီတစ်ခါတော့ လူတွေက ယုံကြသည်။

ဒေါ်ပုဖြန့်သော သတင်းသည် ဆရာစံရပ်ကွက်မှ ဗဟန်းတစ်မြို့နယ်လုံးပျံ့သည်။ ဗဟန်းမှ ရန်ကင်းဘက်သို့ပျံ့သည်။ တာမွေဘက်သို့ ပျံ့သည်။ ထို့နောက် ရန်ကုန်တစ်မြို့လုံး ပျံ့သည်။ ရန်ကုန်မှ တစ်ဆင့် တစ်တိုင်းပြည်လုံး ပျံ့လေသည်။

လူဆိုသည်မှာကား ကောလာဟလကို ယုံတတ်ကြသည်။ မြန်မာပြည်မှာကလည်း ကောလာဟလထွက်ပြီးလျှင် တကယ်ဖြစ်တတ်တာကိုး။

ထို့ကြောင့် ဘဏ်က ပိုက်ဆံတွေ ဝိုင်းထုတ်ကြသည်။ ဘဏ်ပျက်လည်း ပိုက်ဆံပြန်ရမှာပဲဟု တွေးကာ မထုတ်ဘဲနေသူများလည်း ရှိပါသည်။

သို့သော် ထိုလူများ၏ ဆွေမျိုးသားချင်းများက ထုတ်ခိုင်းသည်။ ပြီးတော့ ဘဏ်က ထုတ်ငွေကို ဘယ်လို သိမ်းရမှန်းမသိ။ အပြင်မှာထားတော့လည်း ဟိုတလောက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှလွတ်လာသည့် လူဆိုးတွေရန်ကလည်း ရှိသေးသည်။

ငွေအထုပ်လိုက်ကြီး သိမ်းထားလို့မဖြစ်။

ဘဏ်တွင် ပြန်အပ်ရအောင်လည်း အခြားဘဏ်တွေကိုလည်း မယုံ။

ထို့ကြောင့် ကျစ်ကျစ်လျစ်လျစ်ဖြစ်အောင် ဒေါ်လာတွေ၊ ရွှေတွေ ဝယ်သည်။

သို့နှင့် ဝယ်လိုအားများကာ ဒေါ်လာဈေး၊ ရွှေဈေးတွေ တက်ကုန်ပြန်သည်။

ဒေါ်ပုကတော့ဒေါ်လာဈေး တက်တာကိုလည်း ပျော်နေသည်။ သူ့သမီးပို့သည့်ပိုက်ဆံတွေက အရင်လထက် ပိုရတာကိုး။

ဈေးထဲမှာ ကန်စွန်းရွက်ဈေးတက်တာ၊ ပဲပြုတ် ဈေးတက်တာကိုတော့ ဒေါ်ပုစိတ်ညစ်သည်။

အခုရက်ပိုင်းတော့ ဒေါ်ပုတစ်ယောက် ဖဲဝိုင်းကို သိပ်မသွားတော့။ ဦးချစ်မောင်အိမ်ရာက ဘဏ်တွေရှေ့တွင် သွားထိုင်ကြည့်နေသည်။

ဘဏ်တွင် ငွေထုတ်သည့်လူတွေ အများကြီး တွေ့နေရတာကို ပျော်နေမိသည်။

ပြီးတော့...

“အင်း.... ဒီပုံစံအတိုင်းဆိုလျှင်တော့ ငါ့သမီးပြန်မလာမီ ဒီဘဏ်ပျက်လောက်ပါရဲ့” ဟုလည်း ရေရွတ်နေတတ်၏။

ရှမ်းပြည်မှာတိုက်ပွဲတွေက ဖြစ်နေတာကတော့ ဒေါ်ပုနှင့် တိုက်ရိုက်မဆိုင်။ အဲ့ဒါကတော့ ဘုရားသခင်တွေနှင့်ပဲ ဆိုင်မည်။

ဒေါ်ပုက သူ့သမီးပြန်လာလို့ ဘဏ်မပျက်လျှင် တိုင်းပြည်ကို ပျက်စေချင်သည်။ တိုင်းပြည်ကို ပျက်စေချင်တော့ ဘုရားပေါင်းစုံထံတွင် ဆုတောင်း၏။

ထိုဆုတောင်းကြောင့်လားတော့ မသိ။

ရှမ်းပြည်၊ ရခိုင်ပြည်တို့မှာ တိုက်ပွဲတွေ ပြင်းထန်နေသည်။

ဒေါ်ပုကတော့ တိုင်းပြည်ဖြစ်ဖြစ်၊ ဘဏ်ဖြစ်ဖြစ် တစ်ခုခုကို အမြန်ဆုံး ပျက်စေချင်ပြီ။

စိုပြေ