News

POST TYPE

POPULAR POST

ပုဂ္ဂလိကဘဏ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ချေးငွေပြဿနာ ဗဟိုဘဏ်ဆုံးဖြတ်ချက်ဖြင့် ဖြေရှင်းမည်
03-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၃

ပုဂ္ဂလိကဘဏ်များထံတွင် လုပ်ငန်းရှင်များချေးယူထားသည့် ဘဏ်ချေးငွေကိစ္စများကို ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်အတိုင်းသာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကမ္ဘာဇဘဏ် အကြီးတန်းအကြံပေး ဦးသန်းလွင်က ပြောကြားသည်။

“သုံးဦးသုံးဖလှယ် ညှိနှိုင်းဆောင်ရွက်ရမှာ။ အဲဒီအချိန်ကိုစောင့်ရမယ်။ ဘယ်လိုညှိနှိုင်းရမယ်ဆိုတာကို လောလောဆယ် မလာသေးဘူး။ ဘဏ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဒီတိုင်းတော့ထားမှာမဟုတ်ဘူး”ဟု ၎င်းကပြောဆိုသည်။

လက်ရှိတွင် ဗဟိုဘဏ်အနေနှင့် ဩဂုတ်လ ၂၇ ရက်နေ့က ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း လွှတ်တော်တွင်ဖြေကြားခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး လုပ်ငန်းရှင်များနှင့် ပတ်လည်ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟုထုတ်ပြန်ခဲ့သည်။

လုပ်ငန်းရှင်များချေးယူထားသည့် ငွေကြေးများကို စက်တင်ဘာလကုန်တွင် ပြန်လည်ပေးဆပ်ရမည်ဟု သတင်းများထွက်ရှိခဲ့ပြီး ဘဏ်များနှင့် လုပ်ငန်းရှင်များအကြား အပြန်အလှန်ဖြေလျှော့မှုများ ပြုလုပ်ပေးရန် မျှော်လင့်မှုများရှိနေကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့ထံမှ သိရသည်။

“ပြန်ညှိနှိုင်းမယ်ဆိုတာက အဓိကအချိန်ပေါ့။ ချက်ချင်းကြီးပြန်ဆပ်ရမယ်ဆိုတာမျိုးမဟုတ်ဘဲ သတ်မှတ်အချိန်တစ်ခုထားပြီး ပြန်ဆွေးနွေးဖို့ တောင်းဆိုသွားသင့်တယ်”ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမျိုးမြင့်က ပြောဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် ဘဏ်လုပ်ငန်းများအတွက် လက်ရှိအချိန်တွင် ဗဟိုဘဏ်သည် ကယ်တင်ရှင်ဖြစ်နေပြီး ဗဟိုဘဏ်၏ညွန်ကြားချက်ကို စောင့်ကြည့်လျက်ရှိကာ ပြည်တွင်းဒေသစံနှုန်းအတိုင်းသာ တိုင်းပြည်၏ အမှန်တကယ် အခြေအနေကိုလေ့လာပြီး ဆုံးဖြတ်ရန်လိုအပ်ကြောင်း ဦးသန်းလွင်က ရှင်းပြသည်။

“နဂိုကတည်းကလုပ်သင့်တာ။ အရင်က ကမ္ဘာစံနှုန်းနဲ့လုပ်တယ်၊ မလုပ်ရင်ဆော်မယ်ဆိုတာက ဖြစ်သင့်တာမဟုတ်ဘူး။ ဒေသစံနှုန်းပဲလုပ်ပါဦး။ ကမ္ဘာ့ဘဏ် ဘာပြောတယ်ဆိုတာမျိုး သိပ်ပြီးနားထောင်စရာမလိုဘူး”ဟု ၎င်းက သူ့အမြင်ကိုပြောဆိုသည်။

လက်ရှိ ဘဏ်များဒေဝါလီခံမည့် ဆိုသည့်သတင်းများနှင့်ပတ်သက်ပြီး ပုဂ္ဂလိကဘဏ်များသည် အလွယ်တကူ ဒေဝါလီခံမည့်လုပ်ငန်းများမဟုတ်သည့်အပြင် နိုင်ငံတော်နှင့် ပြည်တွင်းစီးပွားရေး အခြေအနေသည်လည်း အလွန်ဆိုးရွားသည့် အနေအထားမဟုတ်သေးကြောင်း ပြည်တွင်းဘဏ်လုပ်ငန်းအချို့ထံမှ သိရသည်။

ပြည့်ဖြိုးမြင့်မွန်