News

POST TYPE

POPULAR POST

Bar တွင် ပစ္စတိုသေနတ် မေ့ကျန်ခဲ့သူ သုံးဦးကို ဖမ်းဆီး
08-Aug-2019


ရန်ကုန်၊ သြဂုတ် ၈

လှိုင်မြို့နယ်၊ ပြည်လမ်းဘေး LOTTE Hotel (၁၃) လွှာရှိ CHAR LOTTE Bar တွင် ပစ္စတိုသေနတ်တစ်လက် မေ့ကျန်ခဲ့သည့် အမျိုးသားသုံးဦးကို ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပစ္စတိုသေနတ်တစ်လက်ကို သြဂုတ် ၄ ရက် ညပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေနတ်တွေ့ရှိခဲ့သည့် စားပွဲဝိုင်းတွင် အမျိုးသားသုံးဦး ထိုင်ခဲ့ကြောင်း သိရှိရသဖြင့် လှိုင်မြို့မ ရဲစခန်းက လက်နက်ဥပဒေပုဒ်မ ၁၉ (စ) ဖြင့် အမှုဖွင့်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

CCTV မှတ်တမ်းအရ အမှုမှ မသင်္ကာသူ သုံးဦးဖြစ်သော ထူးမြတ် (ခ) ထူးမြတ်အောင် (၂၈) နှစ်၊ ဟိန်းထက်ဇော် (၂၆) နှစ် နှင့် မင်းနိုင်ဦး (၂၈) နှစ်တို့ကို သြဂုတ် ၆ ရက် ညပိုင်းက LOTTE Hotel တွင် စစ်ဆေးခဲ့ရာ တူရကီနိုင်ငံထုတ် အနက်ရောင် ပစ္စတိုသေနတ်နှင့် ကျည် ၅ တောင့်မှာ ဗဟန်းမြို့နယ်နေ၊ ရွှေတောင်ကြား (၁) ရပ်ကွက်တွင် နေုထိုင်သူ ထူးမြတ် (ခ)ထူးမြတ်အောင်၏ ပစ္စည်းဖြစ်ကြောင်း ကနဦး စစ်ဆေးချက်အရ ရဲတပ်ဖွဲ့ထံမှ သိရသည်။

Bar တွင် သေနတ်တွေ့ရှိမှုနှင့်ပတ်သက်၍ ဖမ်းဆီးရမိသူ သုံးဦးကို အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ခေါ်စစ်ဆေးလျက်ရှိပြီး ဇူလိုင် ၂၄ ရက်က သင်္ဃန်းကျွန်းမြို့နယ် NLD ရုံးရှေ့တွင် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ပြီးနောက် နှစ်ပတ်ခန့်အကြာ သြဂုတ် ၆ ရက်နေ့တွင် ယင်းမြို့နယ်အတွင်း စွန့်ပစ်ထားသည့် ကျည်ဆံများကို ထပ်မံတွေ့ရှိခဲ့သည်။

S-03