News

POST TYPE

POPULAR POST

ဂလပ်စကိုလေဆိပ်တွင် အမေရိကန်ခရီးစဉ် ပျံသန်းမည့် လေယာဉ်ပိုင်းလော့များကို ဖမ်းဆီး
05-Aug-2019


ဂလပ်စကို၊ ဩဂုတ် ၄

ဂလပ်စကိုလေဆိပ်တွင် နယူးယောက်သို့ ပျံသန်းမည့် ခရီးစဉ်မတိုင်မီ အသက်ရှူ စမ်းသပ်မှု စစ်ဆေးရာတွင် ကျရှုံးခဲ့သော ယူနိုက်တက်လေကြောင်းလိုင်းမှ လေယာဉ် မောင်းသူ ပိုင်းလော့နှစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အသက် ၆၁ နှစ်နှင့် ၄၅ နှစ်အရွယ် ပိုင်းလော့နှစ်ဦးကို တရားစွဲဆိုထားခြင်း မရှိသေးသော်လည်း အချုပ်ထဲတွင် ထိန်းသိမ်းထားပြီး အင်္ဂါနေ့တွင် ပေ့စလီ ရဲတရားရုံးတွင် ရုံးထုတ်မည်ဟု မျှော်လင့်ရသည်။

နံနက် ၇ နာရီ ၃၅ မိနစ်အချိန်တွင် ရဲအရာရှိများကို လေဆိပ်က ဖုန်းဆက်ခေါ်ခဲ့သည်ဟု စကော့တလန်ရဲဌာနက အတည်ပြုသည်။

အဆိုပါခရီးစဉ်သည် နယူးယောက်သို့ နံနက် ၉ နာရီအချိန်တွင် ထွက်ခွာရန် ဖြစ်သော်လည်း ဖျက်သိမ်းလိုက်သည်ဟု သိရှိရသည်။

ယူနိုက်တက်လေကြောင်းလိုင်းက ကြေညာချက်ထုတ်ပြန်ရာတွင် “ခရီးသည်များနှင့် လေယာဉ်အဖွဲ့သားများ ဘေးကင်းရေးသည် ကျွနု်ပ်တို့၏ ထိပ်တန်းဦးစားပေးဖြစ်သည်။ ကျွနု်ပ်တို့၏ ဝန်ထမ်းများအား အမြင့်ဆုံး စံနှုန်းများနှင့် အတင်းကျပ်ဆုံး စည်းကမ်းများ ထားရှိပြီး အရက်နှင့်ပတ်သက်၍ လုံးဝသည်းမခံသော မူဝါဒကို ချမှတ်ထားသည်။ အဆိုပါ ပိုင်းလော့များကို တာဝန်မှချက်ချင်း ရပ်ဆိုင်းလိုက်ပြီး ဒေသဆိုင်ရာအာဏာပိုင်များနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေသည်”ဟု ဖော်ပြထားသည်။

စကော့တလန် ရဲဌာနကလည်း အဆိုပါပိုင်းလော့နှစ်ဦးကို ဖမ်းဆီးကာ ရဲအချုပ်တွင် ထိန်းသိမ်းထားကြောင်းနှင့် ရထားနှင့် လေကြောင်းသယ်ယူပို့ဆောင်မှု ဘေးကင်းလုံခြုံရေး အက်ဥပဒေ ၂၀၀၃ အရ အင်္ဂါနေ့တွင် တရားစွဲဆိုမည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

ယင်းဥပဒေသည် အရက် သို့မဟုတ် မူးယစ်ဆေးဝါး သုံးစွဲထားသော အခြေအနေတွင် လေယာဉ်မောင်းနှင်မှုကို ကန့်သတ်ချက်ဖြင့် ခွင့်ပြုထားသည်။ 

ပိုင်းလော့များအတွက် အသက်ရှူ စမ်းသပ်မှုတွင် ကန့်သတ်သည့်အရက် ပမာဏသည် စကော့တလန် ယာဉ်မောင်းသူများအပေါ် ကန့်သတ်ချက်၏ ထက်ဝက်ပင်မရှိဟု သိရှိရသည်။

၂၀၁၇ ခုနှစ်ကလည်း ဂလပ်စကို လေဆိပ်တွင် ယူနိုက်တက်လေကြောင်းလိုင်းမှ ပိုင်းလော့နှစ်ဦး အသက်ရှူစမ်းသပ် စစ်ဆေးမှု ကျရှုံးသောကြောင့် ထောင်ဒဏ်ကျခံခဲ့ရပြီးဖြစ်သည်။ လေယာဉ်မှူး ပေါလ် ဂရီဘန့်စ် ၃၅ နှစ်မှာ ထောင်ဒဏ် ၁၀ လနှင့် ကာလို့စ်ရော်ဘတ်တိုလီကိုနာ ၄၅ နှစ်မှာ ထောင်ဒဏ် ၁၅ လ ကျခံခဲ့ရသည်။

၎င်းတို့နှစ်ဦးစလုံးသည် ၂၀၁၆ ဩဂုတ်လ ၂၇ ရက်တွင် ဂလပ်စကို လေဆိပ်မှ ထွက်ခွာပျံသန်းရန် ပြင်ဆင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

F-04


  • VIA