News

POST TYPE

POPULAR POST

မန္တလေးတွင် အဋ္ဌမတန်းကျောင်းသား ပါဝင်သည့်လူငယ်ခုနစ်ဦးက ဓားပြတိုက်
03-Aug-2019
မန္တလေး၊ ဩဂုတ် ၃

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၃ လမ်းနှင့် ကနောင်မင်းသားကြီးလမ်းရှိ နေအိမ်တစ်အိမ်ကို အဋ္ဌမတန်းကျောင်းသားအပါ လူငယ်ခုနစ်ဦးက ဩဂုတ် ၂ ရက်၊ နံနက် ၂ နာရီကျော်တွင် ဓားပြတိုက်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် စက်မှုနယ်မြေရဲစခန်းထံမှ သိရသည်။

အခင်းမဖြစ်မီ လူငယ်တစ်ဦးက ဓားပြတိုက်ခံရသည့်ခြံရှေ့မှ အိမ်ရှင်များကိုအော်နှိုးခဲ့သဖြင့် အိမ်ရှင်ဖြစ်သူက ခြံတံခါးကိုဖွင့်ကာ အကျိုးအကြောင်း မေးမြန်းနေစဉ် မျက်နှာဖုံးစွပ်၊ ဦးထုပ်များ ဆောင်းထားကာ ဓား၊ လေးခွများ ကိုင်ထားသည့် လူငယ်ခုနစ်ဦးက နေအိမ်အတွင်း ပြေးဝင်လာကာ ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် တံခါးလာဖွင့်ကာ မေးမြန်းသည့် အိမ်ရှင် ဦးစိုးလှိုင်ဝင်းကို ထိုင်ခိုင်းထားပြီးနောက် ကျန်မိသားစုဝင်များကိုနှိုးကာ ရွှေနှင့်ငွေ တောင်းယူသဖြင့် ငွေကျပ် ခုနစ်သိန်း ထုတ်ပေးခဲ့ရသည့်အပြင် နားကပ်တစ်ရံ၊ ဖုန်းလေးလုံး၊ Laptop တစ်လုံးကို ယူဆောင်သွားခြင်းဖြစ်ကြောင်း စက်မှုနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဓားပြတိုက်ပြီးနောက် သတင်းရ၍ ရဲတပ်ဖွဲ့ကလိုက်ဖမ်းရာ အဆိုပါနေအိမ်ရှေ့ ၁၅ ကိုက်ခန့်အကွာ ခြုံတောအတွင်းမှ အသက် ၁၃ နှစ်အရွယ် အဋ္ဌမတန်းကျောင်းသား စည်သူဗိုလ်နှင့် မင်းထက်ဆိုသူတို့နှစ်ဦးကို ဓားပြတိုက်ရာတွင်အသုံးပြုသည့် ဆိုင်ကယ်သုံးစီး၊ ဓားသုံးချောင်းနှင့် လေးခွများဖြင့် ဖမ်းမိခဲ့သည်။

စစ်ဆေးချက်အရ ၎င်းတို့နှင့်အတူ စစ်သိန်းတန်၊ အောင်ဝင်းဘို၊ အောင်စစ်မင်း၊ ဟိန်းသော်ဦးနှင့် ဒိုးလေးဆိုသူတို့လည်း ပါဝင်ကြောင်းသိရသဖြင့် ဖမ်းဆီးခဲ့ရာ ဩဂုတ် ၂ ရက်၊ မွန်းလွဲပိုင်းက စစ်သိန်းတန်၊ အောင်စစ်မင်း၊ ဟိန်းသော်ဦးနှင့် ဒိုးလေးတို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓားပြတိုက်ခဲ့သူ လူငယ်ခုနစ်ဦးသည် အသက် ၁၃ နှစ်မှ ၂၀ နှစ်ကြား လူငယ်များဖြစ်သည်။ ၎င်းတို့ ခုနစ်ဦးကို စက်မှုနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၅ အရ အမှုဖွင့်ထားပြီး ကျန်ရှိလွတ်မြောက်နေသည့် အောင်ဝင်းဘိုကို ဖမ်းမိရေးဆောင်ရွက်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

M-04