News

POST TYPE

POPULAR POST

ထောက်ကြန့် လှော်ကားလမ်းဘေးတွင် စွန့်ပစ်ထားသည့် အလောင်းသုံးလောင်း တွေ့
13-Jul-2019

ဓာတ်ပုံ - ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့

ရန်ကုန်၊ ဇူလိုင် ၁၃

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်လှော်ကားလမ်းဘေးရှိ မြက်တောထဲတွင် စွန့်ပစ်ထားသည့် အမျိုးသား အလောင်းနှစ်လောင်းနှင့် အမျိုးသမီး အလောင်းတစ်လောင်းကို ဇူလိုင် ၁၃ ရက် (ယနေ့) နံနက်က တွေ့ရှိခဲ့သည်။

ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးခဲ့သူ သုံးဦးမှာ အသက် ၁၇ နှစ်မှ ၁၉ နှစ်ကြား အရွယ်ရှိပြီး အလောင်းပိုင်ရှင် မည်သူမည်ဝါကို သိရှိနိုင်ရန် လက်ရှိအချိန်ထိ စုံစမ်းဆောင်ရွက်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

"သေတဲ့သူ သုံးယောက်က ကုလားလူမျိုးတွေ။ ဟိန္ဒူလား မွတ်ဆလင်လားတော့ သေချာမသိဘူး။ ပြင်ပဒဏ်ရာမရှိဘဲ သေနေတဲ့အလောင်းတွေကို လှော်ကားဘေးမဲ့တောအနီးက လမ်းဘေးခြုံထဲ ပစ်ထားခဲ့တာ" ဟု ရုပ်အလောင်းများကို ဆေးရုံသို့ ပို့အပ်ခဲ့သည့် ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ ရုပ်အလောင်း သုံးလောင်းကို အင်းစိန်ဆေးရုံသို့ ပို့အပ်စစ်ဆေးနေပြီး ကနဦး စစ်ဆေးယူဆချက်အရ သေဆုံးခဲ့သူ သုံးဦးမှာ ကွန်တိန်နာယာဉ်ကဲ့သို့ အလုံပိတ်ယာဉ်တစ်စီးနှင့် လိုက်ပါလာရာမှ အသက်ရှုကြပ်ပြီး သေဆုံးခဲ့ခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်ထားကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03