News

POST TYPE

POPULAR POST

Victoria အမှုအပေါ် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် တစ်နာရီအတွင်း လှောင်ပြောင်မှုပေါင်း ငါးထောင်ကျော်ရောက်ရှိ
10-Jul-2019

ရန်ကုန်၊ ဇူလိုင် ၁၀

Victoria အမှုနှင့်ပတ်သက်၍ မူကြိုကျောင်း၊ လမ်းနှင့် အိမ်တို့ကို မည်သည့်ဘက်မှမလိုက်ဘဲ စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၁၀ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

ဇူလိုင် ၁၀ ရက် မနက်ပိုင်းက Victoria အကြောင်း လိုက်လံကူညီဆောင်ရွက်ပေးနေသူ သက္ကမိုးညို (ခေါ်) ဒေါက်တာဝင်းကိုကိုသိန်းကို ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခကျဆင်းစေသည်ဟုဆိုကာ အီလက်ထရောနစ်ပုဒ်မ ၃၄ (ဃ) ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးပြီးနောက် ယခုခဲ့သို့ ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

“CID အနေဖြင့် CCTV အထောက်အထားကို Software နည်းပညာအရ အပြည့်အဝ အထောက်အထားရရှိပြီး ယနေ့ BBC Facebook သတင်းမဖော်ပြခင်ကတည်းက တရားရုံးသက်သေခံ တင်ပြီးဖြစ်ကြောင်း၊ နေပြည်တော်ကုတင် (၁၀၀၀) ဆေးရုံမှ တရားဝင် လက်မှတ်ရေးထိုးပြန်ကြားသော သက်သေခံဆေးစာလည်းမပျောက်ပါသဖြင့် တရားရုံးသက်သေခံတင်ပြီးပါကြောင်း”ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်းစေရန် စွပ်စွဲချက်များ၊ ဆူပူဆန္ဒပြစေရန် လှုံ့ဆော်မှုအရေးအသားများ၊ Victoria အတွက် ဘဏ်အကောင့်ဖွင့်ကာ တရားမဝင်အလှူခံမှုများကြောင့် သက္ကမိုးညို အကောင့်ပိုင်ရှင်ကို ကြိုတင်လျှို့ဝှက်စုံစမ်းဖော်ထုတ်ခဲ့ပြီး ဥပဒေနှင့်အညီဆောင်ရွက်ခဲ့သည်ဟု ကြေညာခဲ့သော်လည်း သက္ကမိုးညိုအကောင့်ပိုင်ရှင်မှာ ယခင်ကတည်းက ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဖြစ်ကြောင်း နေပြည်တော်တွင်နေထိုင်ကြောင်း လူမူကွန်ရက်စာမျက်နှာပေါ်တွင် တရားဝင်ရေးသားထားသူဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဌာနဆိုင်ရာအဖွဲ့အစည်းတစ်ခု၏ ထုတ်ပြန်ချက်အရေးအသားနှင့်မတူဘဲ ကလေးကလားဆန်ကြောင်း ပြည်သူများက ထောက်ပြခဲ့ကြပြီး လူအများအလွယ်တကူသိရှိသော သက္ကမိုးညိုကို လျှို့ဝှက်စုံစမ်းဖော်ထုတ်ခဲ့သည်ဟုရေးသားခဲ့၍ ပြည်သူများက လှောင်ပြောင်ခဲ့ကြသည်။

ယင်းထုတ်ပြန်ချက်ကို ဇူလိုင် ၁၀ ရက် ည ၇ နာရီကျော်တွင် ရဲဇာနည်ပေ့ချ်မှတင်ခဲ့ခြင်းဖြစ်ပြီး တစ်နာရီအတွင်း လှောင်ပြောင်သည့် သင်္ကေတဖြစ်သည့် (HaHa) ပေးခဲ့သူပေါင်း ငါးထောင်ကျော်ရှိခဲ့သည်။