News

POST TYPE

POPULAR POST

မအူပင်တွင် KG ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရ
09-Jul-2019
ရန်ကုန်၊ ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ စံလင်းဒေါင့်ကျေးရွာရှိ မူလွန်ကျောင်းတွင် KG တန်း တက်နေသည့် ငါးနှစ်အရွယ် ကျောင်းသူတစ်ဦးမှာ မုန့်စားဆင်းချိန်တွင် အဓမ္မပြုကျင့်ခံရကြောင်း အောင်ဟိတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမိုးကျော်က ပြောကြားသည်။

အဓမ္မပြုကျင့်ခံရသည့် ကျောင်းသူလေးမှာ ဇူလိုင် ၈ ရက်နေ့က မုန့်စားဆင်းချိန်တွင် ဖိုးချစ်ဆိုသူက ကျောင်းအနောက်ဘက်သို့ ခေါ်ဆောင်၍ မြက်တောထဲတွင် အဓမ္မပြုကျင့်မှုကို ခံခဲ့ရခြင်းဖြစ်သည်ဟု ယင်းကျေးရွာဒေသခံတို့က တူညီစွာ ပြောဆိုကြသည်။

“ကျောင်းဆင်းချိန် ကျမ ကျောင်းသွားကြိုတော့ သမီးမျက်နှာ ငိုမဲ့မဲ့ဖြစ်နေတာ သတိထားမိတယ်။ အိမ်ရောက်လို့ သမီးကို ချော့မောမေးကြည့်တော့ ဖိုးချစ်က သမီးကို အဓမ္မပြုကျင့်ခဲ့တာလို့ သိရတယ်။ ချက်ချင်း ကျောင်းကိုသွားပြီး ဆရာမတွေကို အသိပေးတော့ သေချာအောင် ကလေးရဲ့မိန်းမကိုယ်ကို စစ်ကြည့်ခိုင်းတယ်။ မိန်းမကိုယ်မှာ နီရဲပြီး ယောင်နေတာ မြင်ရတော့ သေချာပြီဆိုပြီး ရဲစခန်းသွား အမှုဖွင့်ခဲ့တာ။”ဟု မိခင်ဖြစ်သူက ရှင်းပြသည်။

အဓမ္မပြုကျင့်ခဲ့သည့် ဖိုးချစ် (၁၅) နှစ်မှာ ကံကုန်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အခင်းဖြစ်နေ့က စံလင်းဒေါင့်ကျေးရွာရှိ မူလွန်ကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော ၎င်း၏ နှမဖြစ်သူထံ ထမင်းလာကျွေးစဉ် KG ကျောင်းသူလေးကို ကျောင်းအနောက်ဘက်ရှိ မြက်တောထဲ ခေါ်ဆောင်၍ ကုဣိုပင်အောက်တွင် အဓမ္မပြုကျင့်ခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

KG ကျောင်းသူ မုန့်စားဆင်းချိန် အဓမ္မပြုကျင့်ခံရမှုကြောင့် ကလေးမိဘနှင့် မူလွန်ကျောင်းမှ ကျောင်းဆရာမ တစ်ဦးတို့က မအူပင်မြို့မ ရဲစခန်းထံ သွားရောက် တိုင်ကြားခဲ့ရာ ကျောင်းသူအား ရဲဆေးစာဖြင့် မအူပင်ဆေးရုံတွင် သွားရောက်စစ်ဆေးခဲ့သည်။

“ပြစ်မှုကျူးလွန်သူ ဖိုးချစ်ကိုလည်း ထိန်းသိမ်းအရေးယူထားပါတယ်”ဟု မအူပင်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ဝင်းဇော်မိုးက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မအူပင်မြို့မ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်၍ အသက်မပြည့်သေးသည့် ဖိုးချစ်ကို စခန်းမှူး၏ ထိန်းသိမ်းမှုအောက်တွင် ထားရှိကာ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

S-03





  • VIA