News

POST TYPE

POPULAR POST

အောင်သပြေကျေးရွာ ပဋိပက္ခတွင် ဖမ်းဆီးခံခဲ့ရသူများ လွှတ်မပေးပါက တရားပြန်စွဲမည်
16-May-2019
မန္တလေး၊ မေ ၁၅

ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာတွင် မေလ ၁၅ ရက်နေ့က ဖြစ်ပွားသည့် ပဋိပက္ခဖြစ်စဉ်အတွင်း သတင်းရယူသည့် Channel Mandalay TV မှ သတင်းထောက်နှင့် ရွာသား ၂ ဦးတို့ အဖမ်းခံခဲ့ရပြီး သတင်းထောက်အဖမ်းခံရမှုကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြားဝင်ဆောင်ရွက်နေကြောင်း ယင်းကောင်စီထံမှ သိရသည်။

မေလ ၁၄ ရက်နေ့က မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက လုပ်ဆောင်နေသည့် ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းပိတ်သိမ်းရေးအတွက် အောင်သပြေကျေးရွာဒေသခံများက ပိတ်ဆို့ဆန္ဒပြခဲ့ရာမှ ယင်းပဋိပက္ခစတင်ခဲ့ခြင်းဖြစ်သည်။

“နှစ်ပိုင်း ရှိပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကောင်စီကို တရားဝင်တိုင်စာပေးပို့ဖို့ Channel Mandalay TV အယ်ဒီတာချုပ်ကိုလည်း ဆက်သွယ်ထားပါတယ်။ ဒါကို မနက်ဖြန် (မေ ၁၆ ရက်နေ့) မှာ ကွန်ပလိန်း အစည်းအဝေးရှိပါတယ်။ သက်ဆိုင်ရာ ပြည်ထဲရေးဌာနကိုလည်း ကောင်စီအနေနဲ့ သတင်းပို့ထားပါတယ်”ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောကြားသည်။

Channel Mandalay TV မှ သတင်းထောက်နန္ဒ (တစ်ကိုယ်တော်) သည် ဒေသခံနှင့် ရဲတပ်ဖွဲ့ပဋိပက္ခဖြစ်စဉ်ကို ၎င်း၏သတင်းဌာနစာမျက်နှာတွင် တိုက်ရိုက်တင်ဆက်နေခြင်းဖြစ်ကာ ရဲတပ်ဖွဲ့က ဝတ္တရားနှောင့်ယှက်သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

မိမိတို့သတင်းဌာနမှ သတင်းထောက် ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းသို့ သွားရောက်တွေ့ဆုံ မေးမြန်းမှုများရှိသကဲ့သို့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီထံသို့ အကြောင်းကြားစာပို့ထားကြောင်း Channel Mandalay TV သတင်းထောက်ချုပ် ဦးမင်းဒင်က ပြောကြားသည်။

“ကျွန်တော်တို့က အများပြည်သူ သိရှိဖို့အတွက် သတင်းသမားက လက်ရှိအခြေအနေကိုတင်ပြပေမယ့် လက်ရှိမှာတော့ ဖမ်းခံနေရတယ်။ မီဒီယာလွတ်လပ်ခွင့်က မရှိဘူး။ အဲဒီအတွက် ကျွန်တော်တို့သတင်းထောက်ကို ဒီရက်ပိုင်းမှာ မလွှတ်ပေးရင် မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးကို တရားစွဲသွားမယ်”ဟု ၎င်းက ပြောဆိုသည်။

မန္တလေးမြို့အခြေစိုက် Channel Mandalay TV သတင်းထောက် ဦးအောင်ကြည်မြင့် (ခ) နန္ဒ (တစ်ကိုယ်တော်) သည် ယင်းဖြစ်စဉ်ဖြစ်ပွားရာသို့ သွားရောက်သတင်းယူစဉ် မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက ရွာသားနှစ်ယောက်နှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၃/၄၃၅/၁၁၄ ဖြင့် အမှုဖွင့်ပြီး ရမန်ယူထားကြောင်း ဒေသခံများထံမှ သိရသည်။

လတ်တလော သတင်းသမား ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ မန္တလေးအခြေစိုက် သတင်းသမားများနှင့် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီတို့က ပြန်လည်လွှတ်ပေးရန်ကြေညာချက်များ မေလ ၁၅ ရက်နေ့က အသီးသီးထုတ်ပြန်ထားကြသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရွာသားများသည် အာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းမှုများပြုလုပ်ခွင့်ရမည်ဆိုသည့်အတွက် စောင့်ဆိုင်းနေကြပြီး ကုမ္ပဏီဝင်းရှေ့၌ ရဲတပ်ဖွဲ့ဝင်များ၊ အချုပ်ကားများဖြင့် အသင့်စောင့်ဆိုင်း နေသည့်အပြင် ဒေသခံများသဘောတူ ဖွင့်လှစ်ပေးလိုက်ပြီးနောက် အမှတ် (၃)လုံခြုံရေး တပ်ရင်းမှ အင်အား ၂၀၀ ဝန်း ကျင်ခန့်က ကုမ္ပဏီဝင်းအတွင်း ဝင်ရောက်ကာ လုံခြုံရေးရယူထားသည်။

M-01, M-04