News

POST TYPE

POPULAR POST

ညောင်နှစ်ပင်ရေသန့်စင်စက်ရုံ ဓာတ်အားပြတ်တောက်ခြင်းကြောင့် (၁၂) မြို့နယ် ရေပြတ်တောက်မည်
25-Apr-2019

ရန်ကုန်၊ဧပြီ-၂၅

ညောင်နှစ်ပင်ရေသန့်စင်စက်ရုံတွင် ဓာတ်အားပြတ်တောက်မည်ဖြစ်သောကြောင့် ဧပြီလ ၂၅ ရက်နေ့၌ မြို့နယ် (၁၂) မြို့နယ် ရေပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်ရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မှ ဧပြီ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းက ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ကိုင်းများ ခုတ်ရန်အတွက် လျှပ်စစ်ဓာတ်အား ဖြတ်တောက်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်သောကြောင့် ညောင်နှစ်ပင် ရေသန့်စက်ရုံ ဓာတ်အားပြတ်တောက်ရခြင်းဖြစ်ကြောင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“လျှပ်စစ်က ပြုပြင်စရာရှိတာတွေ ပြုပြင်ဖို့ဆိုပြီး ၂၃ ရက်နေ့နဲ့ ၂၅ ရက်နေ့ မီးပျက်မယ်ဆိုပြီးကြိုတင် အကြောင်းကြားတော့ အစ်ကိုတို့ရေတွန်းစက်တွေကလဲ လျှပ်စစ်နဲ့တင်ရတဲ့ ရေတွန်းစက်တွေ၊ မြင်းကောင်ရေ ထောင်နဲ့ချီရှိတော့ မီးစက်တွေနဲ့မနိုင်ဘူး။ ရေတွန်းစက်တွေက ရေမတွန်းနိုင်တော့ ဒီနေ့ ရေအခက်အခဲဖြစ်မယ်ဆိုပြီး ကြိုတင်အကြောင်းကြားတာပါ။ ပြီးတဲ့နေရာအချို့ကတော့ ညပိုင်းလောက်ဆို ရေရပါပြီ။ ရေလိုတဲ့မြို့နယ်တွေလည်း ရေသယ်ယာဉ်များ တောင်းခံနိုင်ပါတယ်”ဟု ၄င်းက ဆိုသည်။

ညောင်နှစ်ပင်ရေသန့်စင်စက်ရုံမှ အဓိက ရေပေးပို့လျှက်ရှိသော မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ ဒဂုံတောင်၊ ဒဂုံမြောက်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ရွှေပေါက်ကံ၊ သာကေတနှင့် ဒေါပုံမြို့နယ် ၁၂ မြို့နယ်တွင် ရေခေတ္တပြတ်တောက်မည်ဖြစ်သည်။

J-10