News

POST TYPE

POPULAR POST

ရရာလက်နက် ဆွဲမှဖြစ်မယ့် ဒီမိုကရေစီတိုက်ပွဲ (Daily, Vol-7/No-9)
21-Apr-2019
ထင်ရှားသော မြန်မာ့ဆိုရိုးများထဲတွင် “စစ်မရောက်ခင်ကမြားကုန်”ဆိုသောအဆိုကို စာဖတ်သူ အတော်များများ ကြားဖူးကြပါလိမ့်မည်။ အရေးကိစ္စတစ်ခုကို ရင်ဆိုင်မဖြေရှင်းခင်ကတည်းက ဝီရိယ လျော့ကျသွားတတ်သည့်သဘောကို စစ်တို့၊ မြားတို့နှင့် တင်စားပြောဆိုခြင်းဖြစ်ပေသည်။

အရေးကိစ္စတစ်ခု သို့မဟုတ် လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုနှင့်ပတ်သက်၍ တိကျခိုင်မာသော သတင်းအချက်အလက် မရရှိသေးဘဲ ကြိုတင်အကဲဖြတ် သုံးသပ် (Prejudge) လုပ်ခြင်းမျိုးကြောင့်လည်း တစ်ခါတစ်ရံတွင် စစ်မရောက်ခင်ကတည်းက မြားကုန်ကြရသည့်သဘောမျိုး ဖြစ်လေ့ဖြစ်ထ ရှိပေသည်။

လူတစ်ဦးနှင့်တစ်ဦးကြား၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုကြား ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများမှသည် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် နိုင်ငံတည်ဆောက်ရေးကိစ္စအထိ စစ်မရောက်ခင် မြားမကုန်ရန် အရေးကြီးသလို တစ်ဖက်နှင့်တစ်ဖက် ခိုင်မာသည့် သတင်းအချက်အလက် သို့မဟုတ် အထောက်အထား မရှိပါဘဲ အကဲဖြတ်မစောရန်လည်း အရေးကြီးလှပါသည်။

လုပ်ငန်းခွင်များရှိ လုပ်ဖော်ကိုင်ဖက်များအကြား နစ္စဓူဝ ဆက်ဆံရေးတွင် တစ်ဦးနှင့်တစ်ဦး မိမိစိတ်အထင်ဖြင့် အကဲဖြတ် ပြောဆိုမှုများစွာ ရှိသော်လည်း ထင်သည့်အတိုင်း မည်မျှအတိုင်းအတာအထိ မှန်ကန်မှုရှိသနည်း ဆိုသောမေးခွန်းကိုမူ လအတော်များများ မသိကျိုးကျွန် ပြုကြလေ့ရှိပေသည်။

တစ်ဦးနှင့်တစ်ဦး အဖွဲ့အစည်း တစ်ခုနှင့်တစ်ခုအကြား ဆက်ဆံရေးပျက်ပြားကာ ရန်သူသဘောမျိုးသို့ ရောက်သွားကြသည့်အဖြစ်သနစ် အများစုကို ကြည့်မည်ဆိုလျှင် တစ်ဖက်အကြောင်းကို တစ်ဖက်က ဂဃနဏ ကွဲကွဲပြားပြားမသိဘဲ စိတ်အထင်ဖြင့်သာ၊ တစ်နည်းအားဖြင့် အဆိုးမြင် သံသယဝင်သည့်စိတ်ခံဖြင့်သာ ဆုံးဖြတ်ခဲ့ကြသည်ကို တွေ့ရပေမည်။

ယနေ့ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အစိုးရတစ်ရပ်တည်း၊ တစ်နည်းအားဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း၊ တပ်မတော် တစ်ရပ်တည်း၊ တိုင်းရင်းသား လက်နက်ကိုင်တစ်ဖွဲ့ချင်းစီတစ်ရပ်တည်း ဖြေရှင်း၍ မရနိုင်သော အခက်အခဲများနှင့် ပြဿနာကြီးများ ရှိနေသည်ဖြစ်ရာ ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရေးဟူသည့် တိုက်ပွဲအတွက် စစ်မရောက်ခင် မြားကုန်သည့်အတွေးမျိုး မရှိကြရန် အရေးကြီးသလို တစ်ဖက်နှင့်တစ်ဖက် အဆိုးမမြင်ကြရန် (သံသယနည်းရန်) အလွန်ပင် အရေးကြီးပါသည်။
နိုင်ငံသားတို့ ငယ်စဉ်က သင်ယူခဲ့ဖူးသည့် မြန်မာ့သမိုင်းတွင် ရေးသားထားသလို “ရရာလက်နက်ဆွဲကိုင် တော်လှန်တိုက်ခိုက်ကြသည်”ဆိုသည့်အတိုင်း ကြမ်းတမ်းလှသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တိုက်ပွဲကြီးအတွက် သက်ဆိုင်သူ အားလုံးက ဝီရိယအားစိုက်ကာ စုပေါင်းတိုက်ပွဲဝင်ကြမည်ဆိုပါက အခက်အခဲများ အားလုံးကို ကျော်လွှားနိုင်မည်သာဖြစ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၂၁-၄-၂၀၁၉)