News

POST TYPE

POPULAR POST

အာမခံပေးပါက နိုင်ငံခြားသို့ထွက်ပြေးမည်မဟုတ်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်းပြော
12-Apr-2019

ထားဝယ်၊ ဧပြီ ၁၁

အမှုရင်ဆိုင်စဉ်ကာလအတွင်း အာမခံပေးပါက ထွက်ပြေးမည်မဟုတ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံနေရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်က ပြောသည်။

တိုင်းဒေသကြီးတရားလွှတ်တော်၌ ဧပြီလ ၁၁ ရက်နေ့က စစ်မေးခဲ့သည့်ရုံးချိန်းတွင် တရားခွင်အတွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အပါအဝင် GGS ကုမ္ပဏီ၏ဥက္ကဋ္ဌ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် မတ်လ ၂၅ ရက်နေ့တွင် စတင်တရားစွဲဆိုခဲ့ပြီး ဧပြီလ ၁၁ ရက် နေ့တွင် တတိယအကြိမ် ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့ ရုံးချိန်းတွင် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်သည် အမျိုးသမီးတစ်ဦးဖြစ်ခြင်း၊ ကင်ဆာရောဂါ ခံစားနေရသည့် မကျန်းမာသူတစ်ဦးဖြစ်ခြင်း အစရှိသည့် အကြောင်းများကြောင့် အာမခံ(အချုပ်လွတ်ထုချေခွင့်)ပေးရန် ၎င်းရှေ့နေများက တင်ပြခဲ့ကြသည်။

အာမခံလျှောက်ထားမှုအပေါ် တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သည့် တိုင်းဥပဒေအရာရှိက နိုင်ငံတော်မူဝါဒအရ စွဲဆိုသည့်အမှုဖြစ်ခြင်း၊ လက်ရှိစွဲဆိုထားသည့်အမှုမှာ အာမခံပေး၍ မရသောအမှုဖြစ်ခြင်း၊ ထွက်ပြေးတိမ်းရှောင်နိုင်ခြင်း၊ မလျော်သြဇာ အသုံးပြု၍ သက်သေများ ဖျက်ဆီးနိုင်ခြင်း စသည်တို့ကြောင့် အာမခံ မပေးသင့်ကြောင်း ကန့်ကွက်ခဲ့သည်။

“နိုင်ငံခြားကို ထွက်ပြေးမယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး”ဟု ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်က ဧပြီလ ၁၁ ရက် ရုံးချိန်း တရားခွင်တွင် ပြောသည်။

ယင်းအပြင် သက်သေများကို မလျော်သြဇာသုံးပြီး ဖျက်ဆီးခြင်း လုပ်မည်မဟုတ်ဟု ကတိပြုကြောင်း အမှုကို စစ်ဆေးကြားနာသည့် တိုင်းတရားသူကြီးအား တင်ပြခဲ့သည်။

ဧပြီလ ၄ ရက်ညတွင် အကျဉ်းထောင်အတွင်း အိပ်မပျော်၍ ပန်ကာဖွင့်အိပ်သည့်အတွက် လက်တစ်ဖက်နှင့် ခြေတစ်ဖက် ထုံကျဉ်နေခဲ့ကြောင်း ဒေါက်တာလဲ့လဲ့မော်က ဆိုသည်။

၂၀၁၃ ခုနှစ်ကတည်းက စတင်ခံစားခဲ့ရသည့် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါများအနက် ယခု ဧပြီလဆန်းပိုင်းတွင် သွေးတိုးနှင့် ဆီးချိုရောဂါများ ပြန်ခံစားနေရသည့်အပြင် အရိုးပါးရောဂါနှင့် အရိုးပွ ရောဂါလည်းရှိသည်ဟု ဒေါက်တာလဲ့လဲ့မော်က တရားခွင်တွင် တင်ပြခဲ့သည်။

ယင်းအပြင် ဒေါက်တာလဲ့လဲ့မော်သည် ဝမ်းကိုက်ရောဂါ ဆက်လက် ခံစားလာရသည်ဟု အကျဉ်းထောင်တာဝန်ရှိသူမှ အကြောင်းကြားသဖြင့်  ထားဝယ်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ဧပြီလ ၈ ရက်နေ့တွင် အကျဉ်းထောင်အတွင်း စစ်ဆေးကုသပေးခဲ့သည်ဟု ဒေါက်တာလဲ့လဲ့မော်နှင့် ၎င်း၏အကျိုးဆောင်ရှေ့နေက တင်ပြခဲ့ကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောသည်။

“ဆေးကုသမှတ်တမ်းတွေနဲ့အတူ အမှုအတောအတွင်း အာမခံခွင့်ပြုပေးဖို့ လျှောက်ထားတင်ပြခဲ့ကြပါတယ်”ဟု ဒေါ်သန်းသန်းအေးက ဆိုသည်။

နောက်ထပ် ရုံးချိန်းကို ဧပြီလ ၂၂ ရက်နေ့ကို ပြန်လည် ချိန်းဆိုထားပြီး အဆိုပါရုံးချိန်းတွင် အာမခံ ပေး/မပေးကို အမိန့်ချခြင်း၊ တရားလို စစ်ဆေးခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုလေးမှုဖြင့် တရားစွဲဆိုထားပြီး ယင်းအမှု လေးမှုအနက် နှစ်မှုတွင် GGS ကုမ္ပဏီတာဝန်ရှိသူများ ပါဝင်သည်။ GGS ကုမ္ပဏီ တာဝန်ရှိသူများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ဧပြီလ ၁၁ ရက်ရုံးချိန်းကို ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ မိသားစုဝင်များနှင့် ယူနီဖောင်းဝတ်ထားသည့် GGS ကုမ္ပဏီဝန်ထမ်း စုစုပေါင်း ၂၀ ဦးခန့် လာရောက်ခဲ့သည်။

တရားခွင်အတွင်း စစ်မေးပြီး ရဲတပ်ဖွဲ့မှ ကားများဖြင့် အကျဉ်းထောင်သို့ ပြန်လည်ထွက်ခွာစဉ် ၎င်းတို့ထဲမှ အမျိုးသမီးတစ်ဦးက "… ကျန်းမာပါစေ" ဟု တရားရုံးဧရိယာအတွင်း ကြွေးကြော်ခဲ့သည်။

အမှုအားလုံးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းက တရားလိုလုပ်ကာ တရားစွဲဆိုခြင်းဖြစ်သည်။

အထက်ပါအမှုများကို တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးခင်မောင်မောင်က စစ်ဆေးလျက်ရှိသည်။

Dawei Watch