News

POST TYPE

POPULAR POST

ရေအရင်းအမြစ် ညွှန်ချုပ်၊ ဒုညွှန်ချုပ် အပါအဝင် အရာရှိကြီး ၅ ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
10-Apr-2019
ရန်ကုန်၊ ဧပြီ ၁၀

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူ အရာရှိငါးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူလိုက်ကြောင်း အဂတိတိုက်ဖျက်ရေးကော်မရှင် (ACC) က သတင်းထုတ်ပြန်ခဲ့သည်။

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦး (ယခု ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) အကြံပေး)၊ ညွှန်ကြားရေးမှူး ဦးသောင်းလွင် (ယခု ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မှူး (ယခု ညွှန်ကြားရေးမှူး)နှင့် ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဝင်းတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်ကြောင်း ကော်မရှင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့သည် ပြီးခဲ့သည့် ဘဏ္ဍာနှစ် ၂၀၁၄ ခုနှစ်မှစတင်ကာ အစိုးရဘတ်ဂျက် ကျပ်သိန်း ငါးထောင်ကျော်ကို အလွဲသုံးစား ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းကို ကော်မရှင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စုဘတ်ဂျက်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘတ်ဂျက်များမှ ခွဲဝေချထားပေးသည့် လုပ်ငန်းရန်ပုံငွေများကို သုံးစွဲ၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းမှ ရုံးချုပ်သို့ ပံ့ပိုးငွေအဖြစ် ၂၀၁၄ ခုနှစ်အတွင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးတို့မှ ငွေကျပ် ၂၃၇၆၉၇၇၈၀.၂၂ ကိုလည်းကောင်း၊ ၂၀၁၅ ခုနှစ်အတွင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးတို့မှ ငွေကျပ် ၈၈၉၇၆၂၁၅.၆၄ ကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ်အတွင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးတို့မှ ငွေကျပ် (၁၂၉၅) သိန်းကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ်အတွင်းက တိုင်းဒေသကြီးရုံးတို့မှ ငွေကျပ် (၈၁၀) သိန်းကိုလည်းကောင်း လွှဲပြောင်းပေးပို့စေခြင်းဖြင့် လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြေါင်း ဖော်ပြထားသည်။

ထို့ပြင် ၎င်းတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိ မြို့မရဲစခန်းတွင် ဧပြီလ ၁၀ ရက်နေ့က ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်းလည်း သိရသည်။