News

POST TYPE

POPULAR POST

အောင်လအန်ဆန်း၏ခြေကန်ချက်များကြောင့် အဆုတ်တွင်း သွေးနှစ်လီတာ ယိုစိမ့်ပြီး နံရိုးနှစ်ချောင်း ကျိုးသွားခဲ့ကြောင်း ဟဆဲဂါဝါ ထုတ်ဖော်ဝန်ခံ
01-Apr-2019

တိုကျို၊ ဧပြီ ၁

မြန်မာနိုင်ငံကိုယ်စားပြု ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အောင်လအန်ဆန်းနှင့် စိန်ခေါ်ပွဲယှဉ်ပြိုင်ထိုးသတ်ခဲ့ရာတွင် ပွဲချီနှစ်ချီမြောက်၌ အလဲထိုးရလဒ်ဖြင့် အရေးနိမ့်ခဲ့ရသော ဂျပန်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဟဆဲဂါဝါသည် ယင်းပွဲစဉ်တွင် ၎င်းအနေနှင့် နံရိုးနှစ်ချောင်းကျိုးကာ အဆုတ်အတွင်း၌ သွေး နှစ်လီတာခန့် ယိုစိမ့်မှုဖြစ်ပွားသွားကြောင်း ထုတ်ဖော်ဝန်ခံလိုက်ပြီဖြစ်သည်။

ဟဆဲဂါဝါသည် အောင်လအန်ဆန်းနှင့်ထိုးသတ်ခဲ့သောပွဲစဉ်တွင် ၎င်းအထိနာခဲ့ကြောင်းကို လူမှုကွန်ရက်စာမျက်နှာများကတစ်ဆင့် အသိပေးသွားခဲ့ခြင်းဖြစ်ပြီး ယင်းဝေဒနာများ သက်သာမှုရရှိစေရန် အရေးပေါ်ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်းလည်း ဟဆဲဂါဝါက ရှင်းပြသွားခဲ့သည်။

ဟဆဲဂါဝါသည် ခွဲစိတ်မှု အန္တရာယ်ကင်းစွာပြီးစီးသွားခဲ့ပြီဖြစ်ကြောင်းလည်း ရေးသားထားပြီး ၎င်းအနေနှင့် လေ့ကျင့်မှုများ ပြင်းပြင်းထန်ထန် ဆောင်ရွက်ခဲ့သော်လည်း ၎င်းကို အားပေးသူများအတွက် ရလဒ်ကောင်းတစ်ရပ် ရယူပေးနိုင်ခဲ့ခြင်းမရှိသည့်အတွက် တောင်းပန်ပါကြောင်းလည်း ဟဆဲဂါဝါက ပြောကြားသွားခဲ့သည်။

အောင်လအန်ဆန်းသည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပပြီစီးသွားခဲ့သော One Championship A New Era ပြိုင်ပွဲတွင် ဟဆဲဂါဝါကို လက်ရည်အသာစီးဖြင့် ထိုးသတ်၍ အနိုင်ယူသွားခဲ့ခြင်းဖြစ်ပြီး ယင်းအတွက် ၎င်းဆွတ်ခူးရရှိထားသော မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်ဆုကို အောင်လအန်ဆန်းက သုံးကြိမ်မြောက်အဖြစ် အောင်မြင်စွာ ကာကွယ်သွားနိုင်ခဲ့ပြီလည်းဖြစ်သည်။

ဟဆဲဂါဝါသည် ပွဲချီနှစ်ချီအတွင်း ဘယ်ဘက်နံရိုးစောင်းနေရာကို အောင်လအန်ဆန်း၏ညာခြေကန်ချက်များ ဆက်တိုက်ထိမှန်ခြင်း ခံခဲ့ရာကာ ဒုတိယမြောက်ပွဲချီတွင် ၎င်း၏လက်သီးချက်ကြောင့် ကြမ်းပြင်ထက်လဲကျသွားခဲ့သော ဟဆဲဂါဝါက ပြန်ထရန် အားယူချိန်တွင် အောင်လအန်ဆန်းက လက်သီးချက်များ မနားတမ်းပစ်လွှတ်၍ ပွဲဖြတ်ပစ်လိုက်ခြင်းဖြစ်သည်။



  • VIA