News

POST TYPE

POPULAR POST

အနှိပ်ခန်းရှာသည့် အမျိုးသား ဝိုင်းထိုးကြိတ်ကန်ကျောက်သည့် ဒဏ်ရာဖြင့် သေဆုံး
03-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံဝင်း၊ ရိုးကြီးချောင်းပတ်လမ်းတွင် အနှိပ်ခန်းသွားရှာသည့် အမျိုးသားနှစ်ဦးမှ တစ်ဦးမှာ ဝိုင်းထိုးကြိတ်ကန်ကျောက်ခံရမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အသက် ၄၇ နှစ် အမျိုးသားမှာ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ဇန်နဝါရီလ ၂၄ ရက် ညနေပိုင်းက ၎င်း၏ သူငယ်ချင်းဖြစ်သူ အသက် ၄၄ နှစ် အမျိုးသားနှင့်အတူ အင်းစိန်ကြို့ကုန်းရပ်ကွက်ရှိ ဘီယာဆိုင်တွင် ဘီယာအတူထိုင်သောက်ပြီးနောက် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံဝင်း၊ ရိုးကြီးချောင်းပတ်လမ်းရှိ တိုက်အိမ်တစ်အိမ်သို့ သွားရောက်ကာ အနှိပ်ခန်း ရှိ မရှိ သွားရောက်မေးမြန်းခဲ့သည်။

“အနှိပ်ခန်း ရှိ မရှိ သွားမေးတဲ့ နေအိမ်မှာ အမျိုးသားလေးယောက် ရှိတယ်။ ဒီမှာ အနှိပ်ခန်းမရှိဘူး။ မိန်းကလေးတွေလည်း မရှိဘူးပြောတာကို သေဆုံးသူက မူးနေတော့ မရှိ သွားရှာ ပေးကွာလို့ ပြောရာက နှစ်ဖက် စကားများ ရန်ဖြစ်ခဲ့ကြတာ။ သေဆုံးသူနဲ့ သူ့သူငယ်ချင်းကို အမျိုးသားလေးယောက်က ဝိုင်းထိုးကြိတ်ကန်ကျောက်ခဲ့တာကြောင့် နာကျင်ဒဏ်ရာ ရခဲ့ပေမယ့် ရဲစခန်းမှာ အမှုလာမဖွင့်ဘူး။ သူ့သူငယ်ချင်းက သေဆုံးသူကို ဒဂုံတောင်လမ်းဆုံမှာ ကားချင်းချိတ်မိရာက စကားများပြီး ကားပေါ်ပါလာတဲ့ လူတစ်စုက ဝိုင်းထိုးကြိတ် ကန်ကျောက်ခဲ့တာလို့ လိမ်ညာပြောပြီး ရန်ကုန်ဆေးရုံကြီးကို တင်ပို့ခဲ့တယ်” ဟု ရဲအရာရှိက ရှင်းပြသည်။

ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် အမျိုးသားမှာ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် သေဆုံးခဲ့သဖြင့် ၎င်း၏ သူငယ်ချင်းဖြစ်သူက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းသို့ လာရောက်၍ အမှုဖွင့်တိုင်ကြားခဲ့သောကြောင့် ရဲတပ်ဖွဲ့က အခင်းဖြစ်နေအိမ်သို့ သွားရောက်စုံစမ်းစစ်ဆေးခဲ့ပြီး လူသတ်မှု ကျူးလွန်ခဲ့သူ အသက် ၄၄ နှစ် ကျော်သီဟ၊ အသက် ၃၃ နှစ် သူရကျော် (ခ) သူရ၊ အသက် ၂၇ နှစ် ထက်မြတ်အောင် (ခ) တက်တူးနှင့် အသက် ၁၈ နှစ် ရန်နိုင်စိုးတို့ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03