News

POST TYPE

POPULAR POST

အထွက်နှုန်းကောင်းသည့် ပဲစင်းငုံမျိုးအသစ်ရရှိ
26-Jan-2019
ရန်ကုန်၊ ဇန်နဝါရီ ၂၆

အထွက်နှုန်းကောင်းပြီး ပြည်ပဈေးကွက်ဝင်သည့် ရေဆင်း- ၉ ပဲစင်းငုံမျိုးအသစ်ကို သုတေသနပြုလုပ်ဖော်ထုတ်ရရှိကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနထံမှ သိရသည်။

ယင်းပဲစင်းငုံမျိုးအသစ်ရရှိရန်အတွက် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှစကာ ဒေသမျိုးများ စုဆောင်းခြင်း၊ မျိုးကွဲများ စမ်းသပ်စိုက်ပျိုးလေ့လာခြင်း၊ ကြိုက်နှစ်သက်သည့် လက္ခဏာပါသည့် မျိုးများ ရွေးချယ်လေ့လာခြင်း၊ ဒေသအသီးသီးရှိ သုတေသနခြံများဖြစ်သည့် မကွေး၊ ညောင်ဦး၊ မြင်းခြံ၊ ပခုက္ကူ၊ အောင်ပန်း စသည့် သုတေသနခြံများတွင် စမ်းသပ်စိုက်ပျိုးမှုများ ဆောင်ရွက်ခဲ့ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

ထို့ပြင် ပဲစင်းငုံစံပြစိုက်ကွက်များကို မုံရွာ၊ ရမည်းသင်း၊ မြင်းခြံ၊ ပခုက္ကူနှင့် အောင်ပန်းဒေသများတွင်စိုက်ပျိုး၍ တောင်သူများကို မျိုးရွေးချယ်စေသည့် သုတေသနလုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်ခဲ့ရာမှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အစတွင် ရေဆင်း-၉ ပဲစင်းငုံမျိုးသစ်အဖြစ် ထုတ်လုပ်နိုင်ခဲ့ကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနထံမှ သိရသည်။

ပဲစင်းငုံမျိုးအသစ်သည် တောင်ပေါ်မြေပြန့် ဒေသမရွေး စိုက်ပျိုးနိုင်သည့် သက်လတ်မျိုးဖြစ်ခြင်း၊ အပင်ပုံသဏ္ဌာန်မှပင်ပြန့်ဖြစ်ခြင်း၊ တစ်ပင်ပါသီးတောင့်များခြင်း၊ အစေ့အရောင်လှခြင်းနှင့် တစ်ဧကအထွက်နှုန်းကောင်းခြင်း စသည့်အရည်အသွေးများရှိကြောင်း ပဲမျိုးစုံသီးနှံသုတေသနဌာနစု တာဝန်ခံ ဒေါ်မြတ်နွယ်နွယ်က ပြောကြားသည်။

အဆိုပါ ဒေသမရွေး စိုက်ပျိုးနိုင်ပြီး အထွက်နှုန်းကောင်းသည့် ရေဆင်း- ၉ ပဲစင်းငုံမျိုးကို မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီတွင် မျိုးသစ်အဖြစ်မှတ်ပုံတင်ပြီး တောင်သူများစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် မျိုးပွားသွားမည်ဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

J-11