News

POST TYPE

POPULAR POST

ရွှေဈေး ကျပ် ၁၀ သိန်းကျော်ပြန်ရောက်
10-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁၀

ဈေးနှုန်းပြန်ကျလာသည်မှာ မကြာသေးသော်လည်း ရွှေဈေးနှုန်းများ ပြန်လည်မြင့်တက်ပြီး ယနေ့ အောက်တိုဘာ ၁၀ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁၀ သိန်း ငါးထောင်သို့ ပြန်လည်ရောက်ရှိလာကြောင်း ရွှေဘုံသာ ရွှေဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိရန်ကုန်၏ အဓိကရွှေဈေးကွက်ဖြစ်သည့် ရွှေဘုံသာရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၀ သိန်း ငါးထောင်နှင့် ၁၅ ပဲရည် ရွှေတစ်ကျပ်သားလျှင် ၉၄၄၀၀၀ ကျပ်ဈေးရှိကြောင်း အဆိုပါရွှေဈေးကွက်အတွင်းမှ သိရသည်။

ရန်ကုန်သို့ ပစ္စည်းအဝင်နည်းခြင်းနှင့် အမေရိကန်ဒေါ်လာဈေး မြင့်တက်ခြင်းများကြောင့် ရွှေဈေး ပြန်တက်လာခြင်းဖြစ်ပြီး ပစ္စည်းအဝင်ပြန်များပြီး ဒေါ်လာဈေးပြန်ကျပါက ဈေးနှုန်းပြန်လည် ကျဆင်းနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။

“အဝင်နည်းတယ်ဆိုတာ အခေါက်တုံးလာရောင်းတာ နည်းတာကို ပြောတာပါ၊ အရောင်းအဝယ်ကတော့ ပါးနေတယ်”ဟု တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောဆိုသည်။

လက်ရှိဒေါ်လာဈေးမှာလည်း ပြန်လည်မြင့်တက်နေပြီး အောက်တိုဘာ ၄ ရက်ကထက် တစ်ဒေါ်လာ ကျပ် ၆၀ အထိမြင့်တက်ကြောင်း အောက်တိုဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ပြင်ပဈေးသည် တစ်ဒေါ်လာလျှင် ၁၅၇၅ သို့ ဆက်လက်မြင့်တက်ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

S-04


  • VIA