News

POST TYPE

POPULAR POST

အောင်ရဲထွေး အသတ်ခံရမှုမှ သားကြီး အပါအဝင် သုံးဦးကို အင်းစိန်ထောင်ပို့
27-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၂၇

သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှ ဖမ်းဝရမ်းထုတ်ထားသူ သန်းထွဋ်အောင် (ခ) သားကြီး အပါအဝင် သုံးဦးကို ယနေ့ (စက်တင်ဘာ ၂၇ ရက်) တွင် ချုပ်ရမန်ယူပြီးနောက် အင်းစိန် အကျဉ်းထောင်သို့ လွှဲပြောင်းပို့အပ်လိုက်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။

“မနေ့က ညနေ ၅ နာရီလောက်မှာ သူတို့သုံးယောက် ရဲစခန်းလာ အဖမ်းခံတယ်။ မိဘတွေကိုယ်တိုင် လာအပ်တာ။ ဒီနေ့ တရားရုံးမှာ ချုပ်ရမန်ယူပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်ပြီ”ဟု သင်္ဃန်းကျွန်းမြို့နယ်ရဲမှူးက ပြောသည်။

ဝရမ်းထုတ်ထားသူ သန်းထွဋ်အောင် (ခ) သားကြီး အပါအဝင် သုံးဦးမှာ လာရောက် အဖမ်းခံသဖြင့် ယနေ့တွင် အရှေ့ပိုင်းခရိုင်တရားရုံးက ချုပ်ရမန်ပေးခဲ့ပြီး ယင်းအမှုကို အောက်တိုဘာလ ၉ ရက်နေ့၌ တွဲဖက်ခရိုင်တရားသူကြီး (၂) တရားခွင်တွင် အမှုကိစ္စနှင့်ပတ်သက်ပြီး ပြန်လည် စတင်ဆောင်ရွက်မည်ဖြစ်သည်။

အောင်ရဲထွေး အသတ်ခံရမှုကို အရှေပိုင်းခရိုင်တရားရုံးက ရုပ်သိမ်းခဲ့ခြင်းကို ကန့်ကွက်ဝေဖန်မှုများ ပေါ်ထွက်ခဲ့ရာ နိုင်ငံတော်သမ္မတက ပြည်ထောင်စုတရားသူကြီး၊ ရှေနေချုပ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌတို့ကို ခေါ်ယူတွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံပြီး ရက်ပိုင်းအကြာတွင် ရန်ကုန်တိုင်းဥပဒေရုံးက အောင်ရဲထွေး အသတ်ခံရမှု ရုပ်သိမ်းခဲ့ခြင်းကို ရန်ကုန်တိုင်းဒေသကြီး တရားလွတ်တော်သို့ ပြင်ဆင်မှုလျောက်ထားခဲ့ရာ မူလရုံးတော်၏အမိန့်ကို ပယ်ဖျက်ကြောင်း စက်တင်ဘာလ ၂၄ ရက် တိုင်းတရားလွှတ်တော် တရားသူကြီး ဒေါ်သင်းသင်းနွဲ့က အမိန့်ချမှတ်ခဲ့သည်။

သန်းထွဋ်အောင် (ခ) သားကြီး၊ အောင်လေးနှင့် ကျော်ဇောတို့ သုံးဦးကို ပြန်လည်ဖမ်းဆီးစစ်ဆေးရန် ၎င်းတို့နေထိုင်ရာ မြို့နယ်ရဲစခန်းများထံသို့ အရှေပိုင်းခရိုင်တရားရုံးက ဖမ်းဝရမ်း ပေးပို့ခဲ့ခြင်းဖြစ်သည်။

S-03