News

POST TYPE

POPULAR POST

လော်ဘီအုတ်ခဲ ကလောင်ပိုင်ရှင် သတင်းစာဆရာ ကဗျာဆရာ ဥက္ကာကိုကို ကွယ်လွန်
20-Sep-2018


တောင်ငူ၊ စက်တင်ဘာ ၂၀

မြန်မာဂျာနယ်လစ်ကွန်ရက် MJN ကို ဦးဆောင်ဖွဲ့စည်ခဲ့သူများတွင် ပါဝင်ခဲ့ပြီး 7 DAY ဂျာနယ်အကြီးတန်းသတင်းထောက်ဟောင်း ကဗျာဆရာဥက္ကာကိုကိုသည် စက်တင်ဘာ ၂၀ ရက် နံနက် ၇ နာရီအချိန်က ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

“ရန်ကုန်ဆေးရုံကြီးမှာ အသည်းရောဂါနဲ့ တစ်လနီးပါး တက်ရောက်ကုသခဲ့ရပြီး ကနေ့ ဆုံးပါးသွားတာပါ။ ပြောမယ်ဆို အသည်းရောဂါနဲ့ ဆက်စပ်တဲ့ရောဂါတွေနဲ့ ကွယ်လွန်ခဲ့တာပါ”ဟု ဥက္ကာကိုကို ဆေးရုံတက်နေစဉ် အနီးကပ် စောင့်ရှောက်ကူညီခဲ့သူ ကိုသူရမျိုးကဆိုသည်။

ကွယ်လွန်ချိန် အသက် ၂၉ နှစ်ရှိသေးသော ကဗျာဆရာဥက္ကာကိုကိုသည် ၂၀၀၄ ခုနှစ်က သံတွဲမြို့အမှတ် (၁) အခြေခံပညာ အထက်ထက်ကျောင်မှ ဆယ်တန်အောင်မြင်ခဲ့ပြီးနောက် ဒသနိက အထူးပြုဘာသာရပ်ဖြင် စစ်တွေတက္ကသိုလ်သို့ တက်ရောက် သင်ကြားခဲ့သည်။

၂၀၀၅ ခုနစ် ဇန်နဝါရီလထုတ် ရတီမဂ္ဂဇင်းတွင် “ဂြိုဟ်သားတစ်ချို့နှင့် စကားပြောခြင်း” ဖြင့် စာပေလောကသို့ စတင်အခြေချခဲ့ပြီး ကဗျာနှင့် ဝတ္ထုတိုများ၊ အက်ဆေးပေါင်း များစွာကို ရေးသားခဲ့သူဖြစ်သည်။

ရန်ကုန်သို့မရောက်မီ သံတွဲမြို့တွင် ကဗျာရူးသွပ်သည့်လူငယ်အဖြစ် လူသိများခဲ့ပြီး အမေဖြစ်သူက ထမင်းဖိုးပေးသည့်ကို ထမင်းမဝယ်စားဘဲ သူငယ်ချင်းများနှင့် ကဗျာစာအုပ် ထုတ်ခဲ့ကြကြောင်း သံတွဲမြိုခံ ကဗျာဆရာတစ်ဦးက ပြောပြသည်။

ထိုစဉ်ကတည်းကပင် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ကဗျာ၊​ ဆောင်းပါး၊ ဝတ္ထုတိုများဖြင့် အောင်မြင်ခဲ့သူဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ပြီးနောက် 7 Day ဂျာနယ်တွင် အငယ်တန်းသတင်းထောက်ဘဝမှ အကြီးတန်းသတင်းထောက်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

“သတင်းထောက်ဖြစ်တော့လည်း တကယ့်ကို ဆရာပဲ။ အခုနောက်ပိုင်း နာမည်ကြီးလာတဲ့ သတင်းဆောင်းပါး ဖီချာဆိုရင် ဒီကောင်ရေးရင် သိပ်မိုက်တာ။ ဆဲဗင်းဒေးဂျာနယ်မှာ ဒီကောင့်ရဲ့ သတင်းဆောင်းပါးကို စောင့်ဖတ်ရတာ။ အဲ့အချိန် ကိုယ်တွေက ဖီချာဆိုတာကို မရေးတတ်သေး။ ကုတ်ပေါင်းချုပ်လို ဆိုတဲ့ သူများပြောသမျှ ဆောင်းပါးထဲ ပြန်ဖြည်ထည့်တဲ့အဆင့်ပဲ ရှိသေးတယ်။ သတင်းတွေ ရေးတော့လည်း သူများတွေနဲ့ မတူဘူး။ သတင်းလောကမှာရော။ စာပေလောကမှာရော ကျနော့်ဆရာဆိုလည်း မမှားဘူး။ ဘယ်သတင်းကို ဘယ်လိုရေး။ ဘယ်နား ကုတ်ထည့်။ အဆုံးသတ်က ဘယ်လိုဆိုတာ သူပဲ ပြောခဲ့တာ။ ကျွန်တော်တို့ သရော်စာ စရေးတုန်းက သူက တည်းဖြတ်ပေးတယ်။ ပြင်ပေးတယ်။ တွေးပုံတွေးနည်းသာမကဘူး ဘယ်လိုရေးဆိုတာမျိုးပါ.သင်ပေးခဲ့တာပါ”ဟု ၎င်း၏သူငယ်ချင်းဖြစ်သူ စိုပြေက ဆိုလေသည်။

စာရေးဆရာ ကဗျာဆရာတစ်ဦးဖြစ်သူ ဥက္ကာကိုကိုသည် Blogger တစ်ဦးအနေဖြင့် ကဗျာများ၊ အက်ဆေးဆောင်ပါးများ၊ ဝတ္ထုများ သာမက သရော်စာများလည် စတင်ရေးသားခဲ့ပြီး ပုဂ္ဂလိက ပုံနှိပ်သတင်းစာများ ထုတ်ဝေခွင့်ရရှိပြီးနောက် The Voice Daily သတင်းစာတွင် လော်ဘီအုတ်ခဲ ကလောင်အမည်ဖြင့် သရော်စာများ စတင်ရေးသားခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲအလွန်ကာလတွင် လူမှုကွန်ရက် စာမျက်နှာတွင် လူသိများသော “သံချောင်းပါတီ”စာမျက်နှာကိုစတင်ဖွင့်လှစ်၍ သရော်စာရေးသူများ ကလောင်ရှင်များ ထွက်ပေါ်လာစေရန် ကြိုးပမ်းခဲ့သူဖြစ်သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်၏ နယ်လှည့်စည်းရုံးရေး ခရီစဉ်များတွင် လူမှုကွန်ရက်စာမျက်နှာတွင် အမြန်ဆုံး ဓါတ်ပုံများဖြင့် ဖော်ပြနိုင်ခဲ့သူဟု လူသိများခဲ့သူလည်းဖြစ်သည်။

“ကျွန်တော်ရဲ့ ဗြိတိသျှကိုကိုမောင်ဆိုတဲ့ ကလောင်နာမည်က သံချောင်းပါတီကနေ စခဲ့တာပါ။ မှတ်မှတ်ရရ ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်သရော်စာကို တည်းဖြတ်ပေးခဲ့တာ ဥက္ကာပါ။ ကျွန်တော်တို့ စာပေဘဝအစမှာ သူက သတင်းစာတွေ၊ ဂျာနယ်တွေမှာ အောင်မြင်တဲ့ ကလောင်တစ်ချောင်းဖြစ်နေပါပြီ။ အားကျခဲ့ရတာပေါ့။ ဥက္ကာနဲ့ အတူတူ သောက်ခဲ့၊ စားခဲ့ကြပါတယ်။ ကျွန်တော် စိတ်မကောင်းတာက နောက်ပိုင်း ကျွန်တော်နဲ့သူကြား နိုင်ငံရေး အယူအဆ ကွဲပြားကြတာကြောင့် ကျွန်တော်ကိုယ်တိုင်ရဲ့ မရင့်ကျက်မှုတွေကြောင့်လည်း တစ်ယောက်နဲ့ တစ်ယောက်ကြား ခင်မင်မှုတွေ ပျက်ခဲ့ရတာလည်းရှိပါတယ်။ သူငယ်ချင်းတစ်ယောက်အနေနဲ့ရော၊ စာပေနဲ့ သတင်းမီဒီယာလောကမှာပါ အရည်အသွေးရှိတဲ့ လူတော်တစ်ယောက်အနေနဲ့ပါ သူထွက်ခွာသွားတဲ့အတွက် ဝမ်းနည်းမိပါတယ်”ဟု ဗြိတိသျှကိုကိုမောင်က ပြန်ပြောင်း ပြောပြသည်။

ဥက္ကာကိုကို ခေါ်  လော်ဘီအုတ်ခဲသည် မကွယ်လွန်မီချိန် ဒေါပုံတွင်နေထိုင်ခဲ့ပြီး လက်ရှိအချိန် မိခင်ဖြစ်သူနှင့် ညီနှစ်ယောက်ကျန်ခဲ့ပြီး သေဆုံးသူ ဈာပနကို စက်တင်ဘာလ ၂၂ ရက်နေ့(စနေ) မွန်းလွဲ ၁ နာရီတွင် ရေဝေးသုသာန်တွင် ပြုလုပ်မည်ဖြစ်သည်။

R-15